အင်္ဂလန်နည်းပြဟောင်း မက္ကလာရင် နယူးကာဆယ်နည်းပြဖြစ်လာတော့မည်

အင်္ဂလန်နည်းပြဟောင်း မက္ကလာရင် နယူးကာဆယ်နည်းပြဖြစ်လာတော့မည်

ဇွန် ၄၊ နယူးကာဆယ်။ ။ စတိဗ်မက္ကလာရင်သည် လာမည့်တစ်ပတ်တွင် နယူးကာဆယ်နည်းပြသစ်ဖြစ်လာတော့မည်ဖြစ်သည်။ အသက် ၅၄ နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင်နည်းပြဟောင်း မက္ကလာရင်သည် လက်ရှိတွင် အားလပ်ရက်ခရီးထွက်နေပြီး ပြန်ရောက်လာချိန်တွင် နယူးကာဆယ်နည်းပြအဖြစ် အတည်ပြုရန်သာ ကျန်တော့သည်။

မေလတွင် ဒါဘီအသင်းမှထုတ်ပယ်ခံခဲ့ရသည့် မက္ကလာရင်သည် ဒီဇင်ဘာလတွင် အလန်ပါဂျူးထွက်ခွာသွားစဉ်က တစ်ကြိမ်၊ ရာသီနောက်ဆုံး သုံးပွဲအလိုတွင်တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ်တိုင် နယူးကာဆယ်နည်းပြရာထူးကို ပယ်ချခဲ့သူဖြစ်သည်။

မက္ကလာရင်အနေဖြင့် ပါဂျူးထွက်ခွာသွားသည့် ဒီဇင်ဘာကတည်းက နယူးကာဆယ်ကိုကိုင်တွယ်ခဲ့သည့် ဂျွန်ကာဗာ၏နေရာကို လွှဲပြောင်းတာ ဝန်ယူရမည်ဖြစ်သည်။

ကာဗာသည် နယူးကာဆယ်အသင်း ယာယီနည်းပြအဖြစ်မှ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရရန် ဆန္ဒရှိခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသည်။ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်တွင် ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့်အနိုင်ရအောင် စွမ်းဆောင်ပေးပြီး နယူးကာဆယ်ကို တန်းဆင်းရမည့်အရေးမှ လွတ်ကင်းစေခဲ့သော အသက် ၅၀ အရွယ်ရှိ ကာဗာမှာ နယူးကာဆယ်နည်းပြအဖွဲ့ဝင်အဖြစ် ဆက်ရှိမည်ဟု မျှော်လင့်ရသည်။

အာဆင်နယ်နှင့် မန်စီးတီးကစားသမားဟောင်း ပက်ထရစ်ဗီအဲရာသည်လည်း နယူးကာဆယ်နည်းပြသစ်စာရင်းတွင် ထည့်သွင်းစဉ်းစားခံခဲ့ရ သော်လည်း ကစားသမားအင်အားဖြည့်တင်းမှုနှင့် အပြောင်းအရွှေ့ပေါ်လစီပိုင်း ညှိနှိုင်းမရသောကြောင့် သဘောတူညီမှု မရခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly