ဥရောပထိပ်သီးအသင်းကြီးများမှ စိတ်ဝင်စားနေသည့် အိုင်ကာဒီ အင်တာမီလန်နှင့် စာချုပ်သစ်ချုပ်ဆို

ဥရောပထိပ်သီးအသင်းကြီးများမှ စိတ်ဝင်စားနေသည့် အိုင်ကာဒီ အင်တာမီလန်နှင့် စာချုပ်သစ်ချုပ်ဆို

မီလန်၊ ဇွန် ၄။ ။ ဥရောပထိပ်သီးအသင်းကြီးများမှ စိတ်ဝင်စားလျက်ရှိသည့် အာဂျင်တီးနားတိုက်စစ်မှူး အိုင်ကာဒီသည် အင်တာမီလန်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်ရာသီက စီးရီးအေသွင်းဂိုး ၂၂ ဂိုးအထိသွင်းယူခဲ့သည့် အိုင်ကာဒီကို အင်တာမီလန်အသင်းက သုံံးနှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အိုင်ကာဒီသည် ၂၀၁၉ ခုနှစ်အထိ အင်တာမီလန်အသင်းတွင် ဆက်ရှိနေတော့မည် ဖြစ်သည်။

အင်တာမီလန်အသင်းသည် လာမည့်ရာသီတွင် ဥရောပပြိုင်ပွဲဝင်ခွင့် မရရှိသောကြောင့် ချယ်လ်ဆီးနည်းပြမော်ရင်ဟို အပါအဝင် ဥရောပထိပ်သီးကလပ်အသင်းများ၏ နည်းပြများသည် အိုင်ကာဒီကို ခေါ်ယူရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် အိုင်ကာဒီက ထိုအသင်းများကို ငြင်းပယ်ပြီး အင်တာမီလန်တွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။

'ကျွန်တော် ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင်ပါတယ်။ ဒါပေမဲ့ အင်တာကို ကျွန်တော် ချစ်ပါတယ်။ တကယ်ကောင်းမွန်တဲ့ အင်တာမီလန်အသင်းနဲ့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်' ဟု အိုင်ကာဒီက အင်တာမီလန်အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားသည်။

အင်တာအသင်းက အမ်ပိုလီအသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် စီးရီးအေနောက်ဆုံးပွဲစဉ်တွင် အိုင်ကာဒီသည် အနိုင်ဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး စုစုပေါင်းသွင်းဂိုး ၂၂ ဂိုးဖြင့် ဗီရိုနာတိုက်စစ်မှူး တိုနီနှင့်အတူ စီးရီးအေ၏ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly