ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်း စံချိန်တင်ဆုကြေးရရှိ

ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်း စံချိန်တင်ဆုကြေးရရှိ

ဇွန် ၃၊ လန်ဒန်။ ။ ၂၀၁၄-၁၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းသည် တရားဝင်စာရင်းဇယားများအရ ဆုကြေး ပေါင် ၉၉ သန်းရရှိခဲ့ရာ တစ်ရာသီ အတွင်းဆုကြေးအများဆုံးရရှိသည့် အသင်းအဖြစ် မှတ်တမ်းဝင်သွားသည်။

စုစုပေါင်းဆုကြေးတွက်ချက်မှုတွင် အဆင့်သတ်မှတ်ချက်ဆုကြေး၊ ရုပ်သံမှပွဲအများဆုံးပြသဖြင့်ရရှိသောဆုကြေး၊ ဘာကလေကဲ့သို့သော လိဂ် စပွန်ဆာများထံမှရသော အကျိုးခံစားခွင့်များစသည့်တို့ ပါဝင်နေသည်။

အဆင့် ၂ ရရှိသောမန်စီးတီးအသင်းသည် ဆုကြေး ၉၈ ဒသမ ၅ သန်းဖြင့် ဒုတိယအများဆုံးရရှိခဲ့သော်လည်း အဆင့် ၄ နေရာမှ မန်ယူ အသင်းမှာမူ အဆင့် ၃ နေရာမှ အာဆင်နယ်အသင်းထက် ရုပ်သံထုတ်လွှင့်သည့်ပွဲအရေအတွက်ပိုများခဲ့သောကြောင့် ဆုကြေးရရှိမှု စာရင်း တွင် ၉၆ ဒသမ ၈ သန်းဖြင့် တတိယနေရာရောက်နေသည်။ အာဆင်နယ်အသင်းမှာ ၉၆ ဒသမ ၅ သန်းဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။

၂၀၁၄-၁၅ ရာသီတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်အသင်း ၂၀ သည် ဆုကြေး ပေါင် ၁ ဒသမ ၆ ဘီလျံကိုခွဲဝေရရှိခဲ့ပြီး အမှတ်ပေး ဇယားအောက်ဆုံးမှ တန်းဆင်းခဲ့ရသော ကျူပီအာအသင်းပင်လျှင် ပေါင် ၆၄ ဒသမ ၉ သန်းရရှိခဲ့ရာ ဇယားအောက်ဆုံးမှအသင်းအနေဖြင့် အများဆုံးရရှိသည့် ပမာဏလည်းဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းတိုင်းမှာ ရုပ်သံမှထုတ်လွှင့်သည့်ပွဲအရေအတွက် ၁၀ ပွဲအောက်နည်းပါးလျှင်ပင် အနိမ့်ဆုံး ပေါင် ၈ သန်းကျော်ရရှိခဲ့ကြသည်။ အင်္ဂလန်ပြည်တွင်းတွင် ဘန်လေ၊ ဟားလ်စီးတီးနှင့် လက်စတာတို့၏ပွဲများကို ရှစ်ပွဲသာပြခဲ့ပြီး စတုခ်စီးတီး၏ပွဲများကို ကိုးပွဲသာပြသခဲ့သည်။

၁၀ ပွဲအထက်ပြသခံရသောအသင်းများမှာ အပိုတစ်ပွဲလျှင် ပေါင် ၇ သိန်းကျော် ရရှိခဲ့ကြသည်။ မန်ယူအသင်းမှာ စုစုပေါင်း ၂၇ ပွဲပြသခံရသဖြင့် ပေါင် ၂၁ ဒသမ ၅ သန်းရရှိခဲ့သည်။ မန်ယူနောက်တွင် မန်စီးတီးက၂၆ ပွဲ၊ ချယ်လ်ဆီး၊ အာဆင်နယ်နှင့် လီဗာပူးလ်တို့မှာ ၂၅ ပွဲပြသခံခဲ့ရ သည်။

ထိပ်သီးငါးသင်းပြင်ပမှ အသင်းများတွင် နယူးကာဆယ်က ၂၀ ပွဲ၊ စပါးအသင်းက ၁၈ ပွဲ၊ အဲဗာတန်က ၁၇ ပွဲဖြင့် အစဉ်လိုက်အများဆုံးပြသ ခံခဲ့ရပြီး အခြားအသင်းများမှာ ၁၃ ပွဲထက်ပိုပြီး ပြသခံခဲ့ရခြင်းမရှိပေ။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly