အသင်းပူးတွဲပိုင်ရှင်နှင့်တွေ့ဆုံပြီးနောက် လီဗာပူးလ်တွင် နည်းပြရော်ဂျာဆက်နေမည်

အသင်းပူးတွဲပိုင်ရှင်နှင့်တွေ့ဆုံပြီးနောက် လီဗာပူးလ်တွင် နည်းပြရော်ဂျာဆက်နေမည်

ဇွန် ၃၊ လီဗာပူးလ်။ ။ အသင်းပူးတွဲပိုင်ရှင် တွမ်ဝါနာနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာသည် အသင်းတွင်သာ ဆက်ရှိနေမည်ဖြစ် သည်။

လီဗာပူးလ်အသင်းပူးတွဲပိုင်ရှင် ဝါနာသည် ရာသီကုန်သုံးသပ်ချက်ပြုလုပ်ရန်အတွက် အသက် ၄၂ နှစ်အရွယ် ရော်ဂျာနှင့် လီဗာပူးလ်မြို့တွင် အင်္ဂါနေ့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ပရီးမီးယားလိဂ်ဘောလုံးရာသီတွင် အဆင့် ၆ သာရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သို့သော် မြောက်အိုင်ယာလန်သားရော်ဂျာနှင့် အသင်းပူးတွဲပိုင်ရှင် ဝါနာတို့သည် လာမည့်ရာသီတွင်အသင်းခြေစွမ်းတိုးတက်ရန်ရည်ရွယ်သော ကျယ်ပြန့်သည့် စီမံကိန်းတစ်ခုအတွက် သဘောတူညီမှုရရှိခဲ့ကြသည်။

၂၀၁၂ ဇွန်တွင် လီဗာပူးလ်နည်းပြဖြစ်လာခဲ့သော ရော်ဂျာသည် ပြီးခဲ့သည့်ရာသီနောက်ဆုံးပွဲတွင် စတုခ်စီးတီးကို ၆-၁ ဂိုးဖြင့်ရှုံးပြီးနောက် လီဗာပူးလ်အသင်းတွင်ဆက်ရှိရန် မသေချာတော့ဟု ပြောကြားထားခဲ့သူဖြစ်သည်။

ယင်းပွဲအပြီးတွင်ရော်ဂျာက "ကျွန်တော်အမြဲတမ်းပြောခဲ့သလိုပါပဲ၊ ပိုင်ရှင်တွေက ထွက်သွားစေချင်ရင် ထွက်သွားမှာပါ"ဟု ပြောကြားထားခဲ့သည်။ လီဗာပူးလ်အသင်းကို ၂၄ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားရယူပေးနိုင်ရန် နီးစပ်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ကမူ ပရီးမီးယားလိဂ်အဆင့် ၆ သာရရှိခဲ့ပြီး ချန်ပီယံလိဂ်တွင်လည်း အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly