ချန်ပီယံလိဂ်ဖလားရယူပြီး ဘာစီလိုနာကစားသမားဘဝအဆုံးသတ်ရန် ဇာဗီရည်ရွယ်ထား

ချန်ပီယံလိဂ်ဖလားရယူပြီး ဘာစီလိုနာကစားသမားဘဝအဆုံးသတ်ရန် ဇာဗီရည်ရွယ်ထား

ဇွန် ၁၊ ဘာစီလိုနာ။ ။ ထင်ရှားကျော်ကြားသော ဘာစီလိုနာကစားသမားဘဝကို ချန်ပီယံလိဂ်ဖလားရယူပြီး အဆုံးသတ်ရန် ကွင်းလယ်ကစားသမား ဇာဗီက ရည်ရွယ်ထားသည်။

၂၀၀၉ ခုနှစ်ကကဲ့သို့ ဖလားသုံးလုံးရယူနိုင်ရန်ကြိုးစားမည့် လာလီဂါနှင့်ကိုပါဒယ်ရေးချန်ပီယံဘာစီလိုနာအသင်းသည် ဇွန် ၆ရက်တွင် ဂျူဗင် တပ်အသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရမည်ဖြစ်ပြီး ယင်းပွဲမှာ ဇာဗီအတွက် ဘာစီလိုနာကစားသမားဘဝနောက်ဆုံးပွဲလည်း ဖြစ်သည်။

"၂၀၀၉ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လက်ရှိအခြေအနေက အကောင်းဘက်ပြနေပါတယ်။ ကျွန်တော်တို့ သမိုင်းမှတ်တမ်းရေးထိုး ချင်ပါတယ်"ဟု ဘာစီလိုနာတွင် ၁၇ နှစ်ကြာကစားပြီးနောက် ကာတာကလပ်အယ်လ်ဆတ်သို့ပြောင်းတော့မည့် ဇာဗီကပြောသည်။

ပြီးခဲ့သည့် စနေနေ့က ဘီလ်ဘာအိုကိုအနိုင်ရသည့် ကိုပါဒယ်ရေးဗိုလ်လုပွဲအပြီးတွင် ဘာစီလိုနာကစားသမားဘဝ ၂၄ လုံးမြောက် ဆုဖလား ရယူနိုင်ခဲ့သော အသက် ၃၅ နှစ်ရှိ ဇာဗီသည် ၂၀၀၉ ခုနှစ်က အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဖလားသုံးလုံးရရှိခဲ့သည့် ဘာစီလို နာအသင်းတွင်လည်း အဓိက ကစားသမားအဖြစ်ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ဘာစီလိုနာကို နည်းပြအဖြစ်ဂွာဒီယိုလာကိုင်တွယ်နေ ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ မန်ယူကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

လက်ရှိနည်းပြလူးဝစ်အင်းနရစ်သည်လည်း အသင်းကိုပထမဆုံးကိုင်တွယ်သည့်ရာသီမှာပင် ဖလားသုံးလုံးရယူနိုင်မည့် အခွင့်အရေးရှိလာခဲ့ ခြင်းဖြစ်သည်။

ဘာစီလိုနာကစားသမားဟောင်းလည်းဖြစ်သူ အသက် ၄၅ နှစ်ရှိအင်းနရစ်က "ကျွန်တော်တို့သိပ်ကိုနီးစပ်နေပြီ။ ဒါဟာမြင့်မားတဲ့အဆင့်တစ်ခု မှာ အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက်ရရှိမယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။ ခက်ခဲမှာဖြစ်ပေမယ့် အဲဒီအတွက်ပဲ ကျွန်တော်တို့ ကြိုးစားနေတာလေ။ လုပ်နိုင်ခဲ့ရင်တော့ သိပ်ပျော်မိမှာပါ"ဟု ပြောသည်။

ဂျူဗင်တပ်အသင်းသည်လည်း စီးရီးအေဖလားနှင့် ကိုပါအီတာလီယာဖလားရရှိထားရာ ဖလားသုံးလုံးရယူနိုင်ရေးအတွက် ကြိုးစားလာမည်ဖြစ် သည်။ စနေနေ့ကစားခဲ့သော စီးရီးအေနောက်ဆုံးပွဲစဉ်တွင် ဗီရိုနာနှင့် နှစ်ဂိုးစီသရေကျခဲ့သည့် ဂျူဗင်တပ်သည် အသင်းသမိုင်းတစ်လျှောက် တတိယမြောက်ရရှိသည့် ချန်ပီယံလိဂ်ဖလားဖြစ်လာရန် ကြိုးပမ်းရမည်ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly