မန်စီးတီးအသင်းကို စွန့်ခွာမည် မဟုတ်ဟု ယာယာတိုရေး အတည်ပြု

မန်စီးတီးအသင်းကို စွန့်ခွာမည် မဟုတ်ဟု ယာယာတိုရေး အတည်ပြု

အင်္ဂလန်၊ ဇွန် ၁။ ။ မန်စီးတီးအသင်း၏ အဓိက ကွင်းလယ်ကစားသမား ယာယာတိုရေးက မည်သည့်အသင်းသို့မှ ပြောင်းရွှေ့မည်မဟုတ်ဘဲ မန်ချက်စတာမြို့ခံအသင်းတွင်သာ ဆက်ရှိနေမည်ဟု အတည်ပြု ပြောဆိုလိုက်သည်။

ယာယာတိုရေးကို အင်တာမီလန်အသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ကစားသမား၏ အေးဂျင့်ဖြစ်သူကလည်း ရာသီအကုန်တွင် အသင်းမှ ထွက်ခွာရန် ၉၀ ရာခိုင်နှုန်း သေချာကြောင်း ပြောဆိုခဲ့ဖူးသည်။ သို့သော် ယခုအချိန်တွင် ယာယာတိုရေးက အချို့အရာများမှာ ငွေကြေးနှင့် ဝယ်ယူ၍ မရကြောင်းနှင့် မန်စီးတီးပရိသတ်များအတွက် ချန်ပီယံလိဂ်ဖလားကို ရယူပေးလိုကြောင်း ပြောသည်။

'မန်စီးတီးအသင်းမှာ ဆက်ရှိနေမှာ သေချာပါတယ်။ ပရိသတ်တွေ စိတ်မပူကြပါနဲ့' ဟု တိုရေးက မန်ချက်စတာညနေခင်းသတင်းစာသို့ ပြောသည်။

ထို့နောက်ဆက်လက်ပြီး 'ကျွန်တော့်ရဲ့ရည်ရွယ်ချက်က မန်စီးတီးအသင်း ဒီထက်ပိုပြီး တိုးတက်လာအောင် အရာရာကြိုးစားသွားဖို့ပါ။ ကျွန်တော့်ရဲ့အတွေ့အကြုံနဲ့ ဒါကို လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အသင်းကို ကစားသမားသစ်တွေ ရောက်ရှိလာပါလိ့မ်မယ်။ လာမယ့်နှစ်မှာ ပိုမိုတောင့်တင်းတဲ့ မန်စီးတီးအသင်းကို မြင်တွေ့ရမှာပါ' ဟု ပြောသည်။

တိုရေး၏ လက်ရှိစာချုပ်မှာ ၂၀၁၇ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်ပြီး စာချုပ်သစ်ကမ်းလှမ်းလာပါက ချုပ်ဆိုဖွယ်ရှိကြောင်းပြောသည်။

'ဘောလုံးလောကမှာက ဒီလိုပါပဲ။ စာချုပ်သက်တမ်းရှိနေသေးပေမယ့် တစ်ခုခုကို ခင်ဗျား ဆက်လုပ်လို့ ရပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ မန်စီးတီးအသင်းကို အဆုံးထိ ကူညီသွားဖို့ပါ။ ကျွန်တော့်ရဲ့နာမည်ကို အချိန်အကြာကြီး သီချင်းလုပ်ဆိုတာ ဒီကလပ်က ပထမဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီမှာ သူငယ်ချင်းတွေအများကြီးရှိပါတယ်။ ပရိသတ်တွေက တစ်ချိန်လုံး နာမည်တွေကို သီချင်းလုပ်ဆိုနေတာပါ။ ဒါက ငွေနဲ့ ဝယ်ယူလို့မရပါဘူး။ ပရိသတ်တွေအတွက် ချန်ပီယံလိဂ်ဖလားကို ရယူပေးလိုပါတယ်'ဟု ယာယာတိုရေးက ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly