ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဖီဖာ၏ဂုဏ်သိက္ခာကို မည်ကဲ့သို့ ပြန်ဆည်ရမည်ကို သိရှိကြောင်း ဘလတ္တာဆို

ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဖီဖာ၏ဂုဏ်သိက္ခာကို မည်ကဲ့သို့ ပြန်ဆည်ရမည်ကို သိရှိကြောင်း ဘလတ္တာဆို

ဇူးရစ်၊ မေ ၃၀။ ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာအနေဖြင့် လက်ရှိအချိန်တွင် ပြဿနာများစွာရင်ဆိုင်နေရသော်လည်း လက်ရှိဥက္ကဋ္ဌ ဆပ်ဘလတ္တာ သည် ၆၅ ကြိမ်မြောက် ဖီဖာကွန်ဂရက်တွင် ပြုလုပ်ခဲ့သော ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲ၌ ငါးကြိမ်မြောက်အနိုင်ရရှိသွားခဲ့သည်။

ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဆပ်ဘလတ္တာနှင့် ဒုဥက္ကဋ္ဌ ဂျော်ဒန်မင်းသား အလီဘင်ဟက်စိန်တို့ ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ မဲပေါင်း ၂၀၉ မဲရှိသည့်အနက် အလီဘင်ဟက်စိန်သည် ၇၃ မဲသာ ရရှိပြီး ဆပ်ဘလတ္တာမှာ ၁၃၃ မဲ ရရှိကာ အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဘလတ္တာက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျဆင်းနေသည့် ဖီဖာ၏ဂုဏ်သိက္ခာကို မည်ကဲ့သို့ ပြန်လည်ဆည်တင်ရမည်ကို သိရှိကြောင်း ပြောဆိုခဲ့သည်။

'ဒီလိုအခြေအနေမျိုးမှာ ကျင်းပရတဲ့ ဖီဖာအစည်းအဝေးနဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲက တကယ်ကို ခက်ခဲပါတယ်။ ဒီနေ့ပွဲက ပုံမှန်ပွဲတွေနဲ့ မတူညီပါဘူး။ ဒီအချိန်မှာ တစ်ကမ္ဘာလုံးက ဖီဖာအကြောင်းကို ပြောဆိုနေကြတာပါ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာက ကျွန်တော်ကို အချိန်ပေးလိုက်တာပါပဲ။ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအတွက် တာဝန်ယူပြီး ဖြေရှင်းသွားမှာပါ။ ဖီဖာရဲ့ ပုံရိပ်ပြန်လည် မြင့်တက်လာအောင်ပြုလုပ်သွားမှာပါ။ ဘယ်လိုလုပ်ရမယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ အခုတော့ ဘယ်လိုလုပ်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ မနက်ဖြန်ကစပြီး ပြုလုပ်သွားမှာပါ။ အမှုဆောင်ကော်မတီအစည်းအဝေးရှိပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ အချက်အလက်တွေနဲ့ မက်ဆေ့အချို့ရပါလိမ့်မယ်။ အချို့အချက်တွေကတော့ သူတို့အတွက် အံ့အားသင့်စရာတွေ ဖြစ်နေပါလိ့မ်မယ်' ဟု ဘလတ္တာက ပြောသည်။

ထို့အပြင် ဘလတ္တာက ၎င်း၏မိန့်ခွန်းသည် ၎င်း၏နှလုံးသားကို ဖော်ပြနေကြောင်း၊ လူတိုင်းဒါကို နားလည်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ဖီဖာဥက္ကဋ္ဌအဖြစ် ဆက်လက်ရှိနေလိုပြီး တာဝန်ယူကာ အများ၏ယုံကြည်မှု ပြန်လည်ရရှိအောင် ဆောင်ရွက်လိုကြောင်း ပြောဆိုခဲ့သည်။

ဘလတ္တာသည် ၁၉၉၈ ခုနှစ်ကတည်းက ဖီဖာဥက္ကဋ္ဌရာထူးကို တာဝန်ယူခဲ့ပြီး ယခု ငါးကြိမ်မြောက် အနိုင်ရရှိခြင်း ဖြစ်သည်။

ရည်ညွှန်း စကိုင်းစပေါ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly