နာပိုလီအသင်းကို စွန့်ခွာမည်ဟု ဘင်နီတက်ဇ် အတည်ပြု

နာပိုလီအသင်းကို စွန့်ခွာမည်ဟု ဘင်နီတက်ဇ် အတည်ပြု

(နေပယ်)။ ။ နောက်ဆုံးပွဲစဉ်အပြီး ရာသီအကုန်တွင် နာပိုလီအသင်းမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း နည်းပြ ဘင်နီတက်ဇ်က အတည်ပြု ပြောကြားလိုက်သည်။ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သည့် စပိန်လူမျိုးနည်းပြ ရာဖေးလ်ဘင်နီတက်ဇ်သည် ရီးယဲလ်အသင်းနည်းပြ ဖြစ်လာရန် ရေပန်းစားနေသူ ဖြစ်သည်။

ဘင်နီတက်ဇ်က 'အသင်းဥက္ကဋ္ဌ၊ ပရိသတ်တွေနဲ့ တစ်သင်းလုံးကို ကျေးဇူးတင်တယ်လို့ ပြောကြားလိုပါတယ်။ နာပိုလီအသင်းကို တာဝန်ယူခဲ့တဲ့ ၂ နှစ်အတွင်းမှာ အတွေ့အကြုံတွေအများကြီး ရရှိခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ ပွဲစဉ် ရှိပါတယ်။ နာပိုလီနည်းပြ ဘဝကို အောင်မြင်မှုနဲ့ အဆုံးသတ်လိုပါတယ်' ဟု ပြောသည်။

နာပိုလီအသင်းသည် လက်ရှိအချိန်တွင် စီရီးအေအမှတ်ပေးဇယား အဆင့်လေးတွင် ရပ်တည်လျက်ရှိပြီး အဆင့်သုံးမှ လာဇီယိုနှင့် သုံးမှတ်ကွာဟလျက်ရှိသည်။ နောက်ဆုံးပွဲစဉ်တွင် လာဇီယိုနှင့် အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ထိုပွဲတွင် အနိုင်ရပါက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည် ဖြစ်သည်။

ဘင်နီတက်ဇ်က ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးရန် ငြင်းပယ်ခဲ့သည်။ 'ကျွန်တော့်ရဲ့ရွေးချယ်မှုမှာ မိသားစုက အဓိက ကျပါတယ်။ နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်တစ်က စာချုပ်သစ်ချုပ်ဆိုဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့တာပါ။ စာချုပ် ချုပ်ဖို့လည်း တော်တော်လေးကို နီးစပ်ခဲ့ပါတယ်' ဟုသာ ပြောကြားခဲ့သည်။

ဘင်နီတက်ဇ်သာ ရီးယဲလ်နည်းပြ ဖြစ်လာခဲ့ပါက ၂၀၀၄ ခုနှစ်က ဗလင်စီယာအသင်းမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အမိနိုင်ငံတွင် ပြန်လည် နည်းပြခြင်း ဖြစ်လာပေမည်။ ဘင်နီတက်ဇ်သည် ဗလင်စီယာအသင်းတွင် လာလီဂါချန်ပီယံဆု နှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ယူအီးအက်ဖ်အေဖလား(ယူရိုပါလိဂ်)တစ်ကြိမ် ရယူနိုင်ခဲ့သည်။

လီဗာပူးလ်အသင်းတွင်လည်း ၂၀၀၅ ခုနှစ်က ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သည်။ နာပိုလီအသင်းတွင်လည်း ကိုပါအီတာလီယာဖလားနှင့် အီတလီစူပါဖလားနှစ်ကြိမ် ရယူနိုင်ခဲ့သည်။
ဘင်နီတက်ဇ်သည် ရီးယဲလ်အသင်းတွင် လူငယ်အသင်းနှင့် ယူ ၁၉ အသင်းတို့အပြင် ၁၉၉၀ ခုနှစ်က လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

ရည်ညွှန်း - ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly