သဘာဝတရားကြီးရဲ့ ခေါင်းလောင်း ထိုးသံ

17 June 2015
သဘာဝတရားကြီးရဲ့ ခေါင်းလောင်း ထိုးသံ

ကမ္ဘာကြီး တစ်နေ့တခြား ပူနွေးလာနေခြင်းနှင့် ရာသီဥတု သိသာစွာ ပြောင်းလဲလာနေခြင်းများကို ကမ္ဘာ့ သိပ္ပံပညာရှင်များက စောင့်ကြည့်လေ့လာ နေခဲ့ကြပါသည်။ တစ်နေ့တခြား ရာသီဥတုများ သိသိသာသာ ပြောင်းလဲ လာနေသည်ကို ရင်တမမနှင့် စောင့်ကြည့်နေကြရသည့် အချိန်လို့လည်း ပြောလို့ရပါသည်။

လူသားတို့သည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လေမုန်တိုင်းများ၊ မြေငလျင်များကို နဖူးတွေ့ ဒူးတွေ့လည်း ခံစားလာနေကြရပြီ။ စည်းမဲ့ကမ်းမဲ့ စီးပွားရှာကြ၊ သစ်ပင်များ ခုတ်ထွင်ကြ၊ မြေအောက် သယံဇာတများကို လက်ကုန်နှိုက်ကြခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် သေတွင်းတူးသလို လုပ်နေကြသည့် လူသားများကို စိတ်ဆိုးလာသော ကမ္ဘာကြီးသည် ပြန်လည်ဒဏ်ခတ်ရန် အစဉ်အမြဲ ချောင်းမြောင်းလျက်ရှိနေသည်။

သဘာဝ တရားကြီးက မိမိတို့ လူသားများကို ဒဏ်ခတ်တော့မည့်သဘော သက်ရောက်လာနေသည်။ သို့သော် လူသားများကမူ သတိမမူ ဂူမမြင် ဖြစ်နေကြဆဲပင်။ သည်လို အခြေအနေများကြားထဲတွင် မိမိတို့နိုင်ငံ မိမိတို့ လူမျိုးများသည်လည်း အပါအဝင် ဖြစ်နေသည်။ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးပစ်သူများ ထဲတွင် မိမိတို့ တိုင်းပြည်သည် ထိပ်ဆုံးမှ ဖြစ်နေသည်ကို သွားတွေ့နေရပြန်သည်။

Global Climate Index 2015 ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေး ညီလာခံကြီးတွင် ကမ္ဘာ့သိပ္ပံပညာရှင်များက ၁၉၉၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံအသီးသီး၏ ရာသီဥတု ဖြစ်စဉ်များကို ဆယ်နှစ်တာကာလ အချိန်ယူ လေ့လာခဲ့ကြပြီး ရာသီဥတု အဆိုးရွားဆုံး ဖောက်ပြန်မှုများ ဖြစ်ပေါ်နေသော နိုင်ငံ (၁၀) နိုင်ငံ စာရင်းကို ထုတ်ပြန်ကြေညာလိုက်ရာတွင် မိမိတို့ မြန်မာနိုင်ငံက အဆိုးရွား ဆုံး နံပါတ် (၂) အဆင့်တွင် ရှိနေသည်ကို တွေ့လိုက်ကြရသည်။ နံပါတ် (၁) အဆိုးရွားဆုံး နိုင်ငံမှာ ဟွန်ဒူရပ်စ်နိုင်ငံ ဖြစ်သည်။ နံပါတ်(၁၀) နိုင်ငံမှာ အာဖရိကတိုက်မည်းကြီးပေါ်က စစ်ပွဲများဖြင့် နပန်းလုံး နေခဲ့ရသည့် ဂွာတီမာလာနိုင်ငံ ဖြစ်သည်။

ထိုညီလာခံကြီး၏ သုံးသပ်ချက်အရဆိုလျှင် သည်လို ရာသီဥတု အပြောင်းအလဲ အဆိုးရွားဆုံး ဖြစ်ပေါ်လာရသည်မှာ သစ်တောများ၊ မြေအောက် သယံဇာတများကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲ ထုတ်ယူ သုံးစွဲခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အများဆုံးထွက်သည့် စက်ရုံများကို တည်ဆောက်ကြ ခြင်းတို့ကြောင့် ဖြစ်သည်ဟု ကောက်ချက်ဆွဲပြခဲ့ကြပါသည်။

မှန်ပါသည်။ နိုင်ငံတချို့သည် ပညာနည်းပါးသူများ လုပ်လေ့လုပ်ထရှိသည့်အတိုင်း ကိုယ့်ရှိသည့် သယံဇာတ ဟူသမျှကို ထုတ်ရောင်းဖို့ ထုတ်သုံးဖို့ကိုသာ အားသန်ပြီး သည်သယံဇာတများ မည်ကဲ့သို့ ထိန်းသိမ်းထားရှိရမည်၊ စနစ်တကျ
ပြန်လည်တည်ထောင်ရမည် အစရှိသော ပြုပြင် ထိန်းသိမ်းမှုကို မလုပ်လိုကြချေ။ လုပ်ရန်လည်း မသိကြချေ။ ရှိသမျှ အမွေပစ္စည်းများ တိုးပွားအောင် မလုပ်တတ်ဘဲ ရှိသမျှ အကုန်ထုခွဲရောင်းချ စားသောက်ပစ်လိုက်သည့် ပညာမဲ့သော သူဌေးသားပမာ ဖြစ်ခဲ့ကြပါသည်။

ယခုအခါ မိမိတို့ တိုင်းပြည်တွင် တစ်ချိန်က စိမ်းလန်းစိုပြည်ခဲ့သည့် ပဲခူးရိုးမကြီးသည် သစ်ပင်များ ပြုန်းတီးကာ
ပြောင်တလင်းခါခဲ့ပြီ ဖြစ်သည်။ နယ်စပ်ဒေသ အရှေ့ရိုးမနှင့် အနောက် ရိုးမကြီးသည်လည်း ပြောင်တလင်းခါလုပြီ
ဖြစ်သည်။ ဝိသမလောဘသမားများသည် မိမိတို့ တိုင်းပြည် သစ်တောများကို လက်ညှိုးထိုး ရောင်းစားခြင်း၊ ယုတ်စွအဆုံး မြေကြီးကိုပင် တူးဆွရောင်းချသည် အထိ အဆင်ခြင်ကင်းမဲ့စွာ စီးပွားရှာခဲ့ကြသည်။

မှတ်မိကြဦးမည် ထင်ပါသည်။ နှစ်ရက်တည်းနှင့် လူတစ်သိန်းကျော် သေကြေရသည့် နာဂစ်လို မုန်တိုင်းကြီးသည် သူ့အလိုအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ပါ။ လူတွေ သဘာဝအရင်းအမြစ် များကို စည်းကမ်းမဲ့ ထုတ်ယူသုံးစွဲကြခြင်းဖြင့် ကမ္ဘာကြီးက ဒေါသနှင့် တုန့်ပြန်လိုက်ခြင်းသာ ဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပါ။

မိမိတို့ တိုင်းပြည် ရာသီဥတု ဖောက်ပြန်မှု အဆိုးရွားဆုံး စာရင်းဝင်ကြောင်း ထုတ်ပြန်ကြေညာချက်မှာ မိမိတို့ တိုင်းပြည်ကို မရဏ ခေါင်းလောင်းထိုးသံ ပေးလိုက်ခြင်းများလောဟု တင်စားပြောဆို ရလောက်အောင်ပင် ထိတ်လန့်စိုးရိမ်ဖွယ်ပင်
ဖြစ်ပါသည်။ မိမိတို့ တိုင်းပြည်မှ တာဝန်ရှိသူများ၊ မိမိတို့ပြည်သူများ အချိန်မီ သတိသံဝေဂ ရနိုင်ကြဖို့ကောင်းကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly