တရုတ်ပြည်၏ အမျိုးသား အကျိုးစီးပွားအပေါ် အခြေစိုက်သည့် နိုင်ငံခြားဆက်ဆံရေး

17 June 2015
တရုတ်ပြည်၏ အမျိုးသား အကျိုးစီးပွားအပေါ် အခြေစိုက်သည့် နိုင်ငံခြားဆက်ဆံရေး

အခုတလော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ်အပေါ် ပြည်တွင်း၊
ပြည်ပနိုင်ငံရေး အာရုံစိုက်သူများက ထင်မြင်ချက် အမျိုးမျိုးပေးနေကြသည်မှာ စိတ်ဝင်စားဖို့ ကောင်းပါသည်။

တရုတ်ပြည် အစိုးရက မြန်မာစစ်အစိုးရ အဆက်ဆက်နှင့် ဦးသိန်းစိန် အစိုးရ လက်ထက်အထိ တသမတ်တည်း ထားရှိသည့် နိုင်ငံခြားရေး သဘောထားမှာ တရုတ်အမျိုးသား အကျိုးစီးပွား အပေါ်မှာသာ ရပ်တည် အခြေစိုက်သည်ကိုတော့  မည်သူမျှ မငြင်းပယ်နိုင်ပါ။ ထိုမူဝါဒအရဆိုလျှင် လူအချို့ ထင်နေကြသကဲ့သို့ တရုတ်ပြည်သည် မြန်မာပြည်အပေါ် ထားရှိသည့် နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲ ဖို့ လုပ်လာနေပြီလောဟု ထင်မြင်ယူဆမှုများမှာ မှားယွင်းနိုင်ပါသည်။ တရုတ်တို့သည် သူတို့၏ အမျိုးသားရေး အကျိုးစီးပွားအပေါ် အခြေစိုက်သည့် နိုင်ငံခြားရေး မူဝါဒကို မပြောင်းပါ။ သူတို့နိုင်ငံ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် သူတို့က လူကိုသာ ပြောင်းလဲဆက်ဆံသွားမှာဖြစ်ပြီး တနည်းအားဖြင့်ဆိုလျှင် ဦးသိန်းစိန် အစိုးရရယ်လို့မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့လည်း မဟုတ် သူတို့ အကျိုးစီးပွားအတွက်ဆိုလျှင် မည်သူ့ကိုမဆို ပြောင်းလဲ ဆက်ဆံသွားဖို့ ဝန်လေးကြမည် မဟုတ်ကြောင်း ယူဆနိုင်ပါသည်။

လူအချို့ နှစ်ပေါင်းများစွာ ယူဆလာခဲ့သည့် အယူအဆ တစ်ခုလည်း ရှိပါသည်။ မြန်မာပြည် ဒီမိုကရေစီ အကြပ်အတည်းကို ပြည်ပက ဖိအားပေးမှုများက ပြောင်းလဲပေးနိုင်စွမ်းရဲ့ဟူသော အယူအဆလည်း ရှိပါသည်။ တကယ်တော့လည်း ယင်းအယူအဆမှာ အခြေခံအားဖြင့် မှားပါသည်။ မိမိတို့ ပြည်တွင်းရေး၊ အမျိုးသားရေး ပြဿနာများ၊ ဒီမိုကရေစီ အကြပ်အတည်းများကို မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့်သာ အဓိကအားဖြင့် ပြောင်းလဲ၍ ရနိုင်ပါသည်။ ပြည်ပ တွန်းအားများမှာ အဆုံးအဖြတ်ပေးနိုင်သည့် တွန်းအား မဟုတ်ဘဲ မိမိတို့ပြည်သူများ၏ တွန်းအားကသာလျှင် အဆုံးအဖြတ်ပေးနိုင်သည့် တွန်းအား ဖြစ်ပါသည်။

ဤသို့ဆိုလျှင် တရုတ်တို့က ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုလို အရေးတယူ တွေ့ဆုံစကား ပြောသည့် အပြုအမူမှာ တရုတ်တို့အဖို့ သူတို့ အမျိုးသားအကျိုးစီးပွားအပေါ် ဒေါ်အောင်ဆန်းစုကြည်က နောင်အနာဂတ်တွင် လက်ရှိ အာဏာရ ခေါင်းဆောင်များထက်ပိုပြီး အကာအကွယ်ပေးနိုင်၊ အကျိုးရှိစေနိုင် သည်ဟု ယူဆကောင်း ယူဆ၍သာ ယခုလို အလေးတယူ ဆက်ဆံခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ နောက်တနည်းမှာ တရုတ်တို့သည် လက်ရှိ မြန်မာပြည် အတွင်း ရင်းနှီးမြှုပ်နှံထားမှုများကို လက်ရှိ အာဏာရ အသိုင်းအဝိုင်းက သည့်ထက်ပိုပြီး အကာအကွယ်ပေးရေး၊ သည့်ထက်ပိုပြီး အကျိုးဖြစ်ထွန်းစေရေး အတွက် နိုင်ငံရေးအရေ ဖိအားပေး သတိပေး ခြိမ်းခြောက်သောအားဖြင့် ပြုလုပ်သော နိုင်ငံရေး ကစားကွက်တစ်ခုသာ ဖြစ်သည်ဟူ၍လည်း ယူဆနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း၊ ဦးသိန်းစိန်အစိုးရနှင့် အာဏာရ အသိုင်းအဝိုင်း တစ်ခုလုံးသည်လည်းကောင်း၊ တရုတ်တို့က မည်ကဲ့သို့ပင် ဆက်ဆံလာ သည်ဖြစ်ပစေ မိမိတို့ကလည်း ရေရှည် တည်တန့်ခိုင်မြဲပြီး အိမ်နီးချင်းကောင်း နိုင်ငံတစ်ခု၏ ကျင့်ဝတ်သိက္ခာ မပျက်စေဘဲ မိမိတို့၏ အမျိုးသား အကျိုးစီးပွား၊ မိမိတို့၏ အမျိုးသားညီညွတ်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအပေါ် ခိုင်မာရှင်းလင်း ပြတ်သားစွာ ရပ်တည်လက်ခံသွားဖို့သာ အဓိကကျပါသည်။ တရုတ်တို့ရယ်လို့မဟုတ် မည်သည့်နိုင်ငံ၏ နိုင်ငံရေးကစားကွက်ကိုမဆို မိမိတို့၏ အမျိုးသား အကျိုးစီးပွားအပေါ်မှာသာ ခိုင်မာစွာ ရပ်တည်လက်ခံသွားကြရမည်သာ ဖြစ်သည်။

သည်နေရာတွင် အနည်းငယ် ဖြည့်စွက်ပြောရန် တစ်ခုတော့ ရှိပါသည်။ လူထု သို့မဟုတ် အမျိုးသား အကျိုးစီးပွားအပေါ် အခြေမစိုက်ဘဲ လူတစ်စု အကျိုးအတွက်သာ အခြေစိုက်သည့် ပုဂ္ဂိုလ်များကမူ တိုင်းပြည် မည်မျှပင် နစ်နာပါစေ၊ တနည်းအားဖြင့်ဆိုလျှင် တမျိုးသားလုံး မည်မျှပင် နစ်နာပါစေ သူတို့အကျိုး မထိခိုက်လျှင် မည်သည့် နိုင်ငံတကာဖိအားနှင့် တိုက်တွန်းမှုများကိုမျှ ဂရုမစိုက်တတ်သည့် လူတစ်စု အကျိုးစီးပွား အဓိက သမားများအတွက်မူ လတ်တလော တရုတ်တို့၏ နိုင်ငံရေး ကစားကွက်အပေါ် မှန်မှန်ကန်ကန် မြင်နိုင်စွမ်းရှိကြမည် မဟုတ်ချေ။

ထို့ကြောင့် တရုတ်တို့၏ သူတို့ အမျိုးသားအကျိုးစီးပွားအပေါ်အခြေစိုက်သည့် အပြုအမူ အပြောအဆို ဆက်ဆံမှုများအပေါ် မိမိတို့ကလည်း မိမိတို့ အမျိုးသားအကျိုးစီးပွားအပေါ် အခြေစိုက်သည့် ခံယူချက်ဖြင့်သာ လက်ခံဆက်ဆံ ကိုင်တွယ်သွားတတ်ကြဖို့ အရေးကြီးကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly