စာမေးပွဲ တစ်ခုရဲ့ ကြောက်မက်ဖွယ် အဆုံးအဖြတ်

စာမေးပွဲ တစ်ခုရဲ့ ကြောက်မက်ဖွယ် အဆုံးအဖြတ်

လွန်ခဲ့သည့်ရက်ပိုင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ခဲ့သည်။ မိမိတို့ တနိုင်ငံလုံး စာမေးပွဲဖြေဆိုထားကြ သည့် ကျောင်းသားများ၊ ကျောင်းသားမိဘများ အပါအဝင် စိတ်ဝင်စားသူ မည်သူမဆို စိတ်လှုပ်ရှား ရင်ခုန်စွာ စာမေးပွဲအောင်စာ ရင်းများကို နားစွင့်ကာ ခံစားမှုအဖုံဖုံ ထင်မြင်ချက် အမျိုးမျိုးဖြင့် တနိုင်ငံလုံး ဆူညံလှုပ်ရှားသွားခဲ့ကြရသည်။

စာမေးပွဲများက အမျိုးမျိုးအစားစား ရှိသည်။ သူငယ်တန်းမှသည် တက္ကသိုလ်ရောက်သည်အထိ စာမေးပွဲများရှိသည်။ သို့သော် သည်တက္ကသိုလ်ဝင်တန်း စာမေးပွဲကျကာမှ သက်ဆိုင်သူကော မသက်ဆိုင်သူပါ မည်သည့်အတွက်ကြောင့် စိတ်လှုပ်ရှားကြရ သနည်း။

အဖြေကတော့ ရှင်းပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် မိမိတို့တိုင်းပြည်၏ မည်သည့်တိုင်းပြည်နှင့်မျှမတူ ထူးခြားသော ဝိသေသ လက္ခဏာများ ရှိနေသည့် စာမေးပွဲဖြစ်သဖြင့် လူအများ စိတ်ဝင်စား နေကြရခြင်းဖြစ်သည်။

အားလုံးကြားဖူးကြမည် ထင်ပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ပြီးနောက် စာမေးပွဲကျရှုံးသည့် ကျောင်း သားကျောင်းသူအချို့မိမိကိုယ်ကို အဆုံးစီရင်ကြသည့် သတင်းမျိုး၊ အပျော်လွန်ကာ ဆိုင်ကယ်လျှောက်စီးရင်းမတော်တဆ ထိခိုက် မိရာက ကွယ်လွန်ကြရခြင်းမျိုး အစရှိသည့် စာမေးပွဲဂယက်၏ ကြီးမားလေးနက်သည့် အဖြစ်အပျက်များသည် သည်တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ထူးခြားလေးနက်စေပါသည်။ မှန်ပါသည်။

မိမိတို့တိုင်းပြည် ပညာရေးစနစ်က ခင်းပေး ပြဋ္ဌာန်းပေးလိုက်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ အရေးပါမှုက ကျောင်းသား တစ်ဦး၏ ဘဝကိုပါ အကြီးအကျယ် လေးနက်နေစေသောကြောင့် ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ကျောင်းသား တစ်ဦး၏ ဘဝကို လူလားမြောက်ခြင်း မမြောက်ခြင်း၊ ဘဝ၏ အောင်မြင်မှု လမ်းစပေါ် ခြေချမိခြင်း မချမိခြင်း အစရှိသည့် ပုဒ်ဖြတ် သဘော သက်ရောက်နေသဖြင့် ကျောင်းသားများ မိဘများသည် သည်စာမေးပွဲကို အထူးအလေးအနက် ထားနေကြရခြင်း ဖြစ် သည်။

စာမေးပွဲ အမှတ်ပေးစည်းမျဉ်းများ မည်ကဲ့သို့ သတ်မှတ်ထားသည်၊ ရသည့်အမှတ်များအလိုက် တက္ကသိုလ် ဆက်လက်တက် ခွင့် သေချာ မသေချာကိစ္စများကို အသာထား၊ အောင်မြင်ဖို့ကိုပင် မနည်း ရုန်းကန်ကြိုးစားကြရသည့်အတွက် အကယ်၍ စာမေးပွဲ ကျရှုံးသွားပြီဆိုပါက ကျောင်းသားတစ်ယောက်နှင့် သက်ဆိုင်ရာ မိဘအဖို့ မျှော်လင့်ချက် ရောင်ခြည်တစ်ခု ပျောက်သွားသလား ထင်ရလောက်အောင် ခံစားမှတ်ယူရသည်အထိ သည်စာမေးပွဲက အရေးကြီးနေပြန်သည်။

သည်မျှ အရေးပါ အရေးကြီးပြီး ထူးခြားလေးနက်သည့် လက္ခဏာများဖြင့် ပြည့်စုံနေသည့် စာမေးပွဲတွင် စာမေးပွဲ ကျရံှုးရ သည့် ကျောင်းသားတစ်ဦး၏ ရမှတ်စာရင်းကိုကြည့်ပြီး သည်စာမေးပွဲစနစ်ကြီးသည် မှန်ကန်မှုမှ ရှိပါရဲ့လား၊ ပြုပြင်ပြောင်းလဲဖို့ မလွဲမသွေ လိုအပ်သည်လားဆိုသည့် မေးခွန်းကို အလိုလို မိမိတို့ မေးရမလို ဖြစ်လာပါသည်။

သက်ဆိုင်ရာကျောင်းသား၏ အမည်နာမကိုတော့ ပုဂ္ဂိုလ်ရေးအရ ရည်ညွှန်းပြောဆိုရာရောက်မည် စိုးသည့်အတွက် မဖော်ပြလိုပါ။ ထိုကျောင်းသားသည် ဖြေဆိုရသည့် ခြောက်ဘာသာအနက် သင်္ချာဘာသာ တစ်ခုတည်း ရမှတ် ၃၆ မှတ်ဖြင့် ကျရှုံးနေသည် ကို တွေ့ရသည်။ ကျန် ငါးဘာသာအနက် ရမှတ် ၇၀ ကျော်က ၂ ဘာသာနှင့် ရမှတ် ၈၀ ကျော်က ၃ ဘာသာဖြစ်သည်။ စစ်ကိုင်းမြို့ အထက (၁) မှ ကျောင်းသားတစ်ဦး ဖြစ်သည်။ ထိုကျောင်းသားမှာ စာမေးပွဲကျသွားရသည်။

အချို့သော နိုင်ငံများတွင် ကျရံှုးသည့် ဘာသာတစ်ခုတည်းကိုပဲ ပြန်လည်ဖြေဆိုရသည့် စာမေးပွဲစနစ် ရှိနေသော်ငြားလည်း မိမိတို့ နိုင်ငံတွင်မူ ထိုကျောင်းသားအဖို့ နောက်ထပ်တစ်နှစ်ပြန်နေကာ ဘာသာအားလုံး ပြန်လည်ဖြေရမည့် သဘောဖြစ်နေ သည်။

ထိုသို့သော ကျောင်းသားနှင့် ယင်းကျောင်းသား၏ မိဘများသည် မည်မျှ ရင်ကွဲပက်လက် ဖြစ်ကြရမည်နည်း။ အဆိုးဝါးဆုံးမှာ အကယ်၍သာ ယင်းကျောင်းသားသည် ဆင်းရဲနွမ်းပါးသည့် မိဘနှစ်ပါးမှ ပေါက်ဖွားသူ ကျောင်းသားဖြစ်ကောင်း ဖြစ်နေပါက မည်မျှယူကြုံးမရ ခံစားနေရပါမည်နည်း။

မိမိတို့ ဆုတောင်းပေးလိုက်မိပါသည်။ သည်လို ဘဝတစ်ခုကို အဆုံးအဖြတ် ပေးရလောက်အောင် အရေးကြီးလှသည့် စာမေးပွဲ စနစ်မျိုးဖြင့်တော့ မိမိတို့သားသမီးများ ရှေ့ဆက် မဖြတ်သန်းရတော့တဲ့ မှန်ကန်တော်တည့်သည့် ပညာရေးစနစ် အမြန်ပေါ်ပေါက် လာပါစေဟုသာ ဆုတောင်းမိပါကြောင်း တင်ပြလိုက်ရပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly