နိုုင်ငံတကာထက် မိမိနိုင်ငံက ပြည်သူတွေကို တာဝန်ခံဖိုု့ ပိုုအရေးကြီးသည်

နိုုင်ငံတကာထက် မိမိနိုင်ငံက ပြည်သူတွေကို တာဝန်ခံဖိုု့ ပိုုအရေးကြီးသည်

မကြာခင် ကျင်းပရန်ရှိသည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကြီး လွတ်လပ်မှုရှိရေး တရားမျှတမှုရှိရေးနှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးက အလေးပေး ပြောဆိုလျက် ရှိကြသည်။ ပြည်တွင်းမှ နိုင်ငံရေးပါတီများ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ကစောင့် ကြည့် ဝေဖန်ပြောဆိုနေကြသလို အချို့သော နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ကလည်း စောင့်ကြည့်ပြော ဆိုလျက် ရှိကြသည်။

မကြာသေးမီ ရက်ပိုင်းက အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ် မစ်မက်ကော်နယ်က မြန်မာနိုင်ငံ၏ လာမည့်ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိခဲ့လျှင် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံ ပုံမှန် ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း မီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်း ပြောဆိုမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယမန်နေ့က မည်သည့်နိုင်ငံ၏ ဖိအားပေးမှုကိုမျှ မခံကြောင်းကို တုံ့ပြန်ပြောဆိုသွားသည်။

မှန်ပါသည်။ နိုင်ငံတကာ၏ ဖိအားပေးမှု မည်သို့မည်ပုံ လုပ်သင့်သည်။ ကိုင်သင့်သည်ဆိုသည့် ပြောဆိုချက် များကို မခံခြင်းကို နားလည်နိုင်ပါသည်။

နိုင်ငံတကာ အစိုးရများတွင်လည်း ဒီမိုကရေစီအရေး တရားမျှတမှုအရေးထက် သီးခြားအကျိုးစီးပွားများ တွဲလျက်ပါရှိကောင်း ပါရှိလေ့ ရှိပါလိမ့်မည်။ မြန်မာနိုင်ငံသည် မိမိအချုပ်အခြာအာဏာကို မိမိနိုင်ငံကသာ ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ထိုသို့သော ပြောဆိုခြင်းများ တိုက်တွန်းခြင်းများ စေခိုင်းခြင်းများကို လက်မခံပယ်ချပိုင်ခွင့်လည်း ရှိပါသည်။

ထိုသို့သော ပြင်ပမှ တိုက်တွန်းခြင်းများ၊ ဖိအားပေးခြင်းများထက် မိမိနိုင်ငံတွင်းမှ ပြည်သူများအား  ပို၍ အလေးထား၊ ဂရုပြုပြီး တာဝန်ခံမှုရှိစေဖို့က အရေးကြီးသည်ဟု မဇ္ဈိမ အနေဖြင့် ရှုမြင်ပါသည်။

ယခုဆိုလျှင် လာမည့်ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် မဲဆန္ဒရှင် စာရင်းများ ပြုစုကြေညာ လျက်ရှိသည့် ကာလဖြစ်ပေ သည်။ မြန်မာနိုင်ငံအဖို့ မဲစာရင်း မှန်ကန်စေရေး သည် အထူးအရေးကြီးသည့် ကိစ္စရပ် တစ်ခုဖြစ်သည်။

အုပ်ချုပ်ရေးဘက်တွင် စနစ်ကျပြီး ထိရောက်သည့် စာရင်းအင်း မရှိခြင်းကြောင့်လည်း ရွေးကောက်ပွဲ ကျင်းပသည့်အခါတိုင်းတွင် မဲစာရင်းပြုစုရေးသည် အရေးပါရခြင်း ဖြစ်ပေသည်။ မဲပေးလိုသူများ မဲစာရင်းတွင် မပါရှိခြင်း ကြောင့် နိုင်ငံသားတစ်ယောက်၏ အခြေခံအခွင့်အရေး ဆုံးရံှုးရမည် ဖြစ်သည်။

ထိုသို့ ဆုံးရံှုးခြင်းက ရွေးကောက်ပွဲ၏ မျှတမှုကို ထိခိုက်စေမည်လည်း ဖြစ်ပေသည်။ ရွေးကောက်ပွဲ မျှတရေး လွတ်လပ်ရေးနှင့် ပတ်သက်၍ ယခုလို အချိန်ပြောဆိုရာတွင် မဲစာရင်းကိစ္စသည် အရေးကြီးဆုံး ဖြစ်နေပေသည်။

ထို့ကြောင့် ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူများကို တာဝန်ခံမှုရှိသည် ဆိုပါက မဲစာရင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှု၊ မြန်ဆန်စွာ တုံ့ပြန် လုပ်ဆောင်မှု၊ တာဝန်ခံမှုရှိဖို့ အရေးတကြီးလိုအပ်သည်ဟု ထောက်ပြလိုပေသည်။

အချို့သော နေရာများတွင် မဲစာရင်းထဲ အမည်မပါရှိမှုများ၊ အချက်အလက် မှားယွင်း နေကြောင်း သတင်းဖော်ပြမှုများတွင် မကြာခဏ တွေ့ရှိနေရသည်။ ယင်းသို့ မှားယွင်းမှုများ လျော့ပါးအောင် မည်သို့ဆောင်ရွက်မည် သို့မဟုတ် လျင်မြန်ထိရောက် စွာ ပြင်ဆင်နိုင်အောင် လုပ်ဆောင်မည့် အစီအစဉ်များကို ကော်မရှင်က တုံ့ပြန်လုပ်ဆောင်ဖို့ တိုက်တွန်းလို ပေသည်။

လုံလောက်သည့် အသုံးစရိတ် ကော်မရှင်တွင် မရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံ တောင်းခံ၍ သုံးစွဲရမည်လည်း ဖြစ်သည်။ တံတားဆောက်၊ လမ်းဖောက် ဆည်ဆောက်သည့် ကိစ္စရပ်များအတွက် အစိုးရအဖွဲ့တွင် အသုံးစရိတ် ဘတ်ဂျက်ရှိပြီး ရွေးကောက်ပွဲကိစ္စအတွက် ငွေမလုံလောက်ဟုဆိုလျှင် သဘာဝမကျသည့် ဖြစ်ရပ်ဟု ဆိုရမည် ဖြစ်သည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီ အသွင်ပြောင်းရေးအတွက် အလွန်အရေးပါသည့် ဖြစ်စဉ် တစ်ခုဖြစ်သည်ဆို သည်ကိုလည်း ယခုလက်ရှိ တာဝန်ယူထားသည့် အစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်အားလုံးတွင် တာဝန်ရှိ သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို သိစေအပ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly