အမြန်ဆုံး အမြစ်ပြတ် ချေမှုန်းသင့်လှသည့် လူကုန်ကူးမှုများ

အမြန်ဆုံး အမြစ်ပြတ် ချေမှုန်းသင့်လှသည့် လူကုန်ကူးမှုများ

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၅၆ မှု ဖြစ်ပွားခဲ့ရာမှာ  ရှမ်းပြည်နယ်တွင် ၁၅ မှု၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၀ မှု၊ ရန်ကုန် တိုင်းဒေသကြီးတွင် ၇ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၆ မှု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၂ မှု၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တွင် ၆ မှုစီ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ၁ မှုစီ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၅ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၅၆ မှုတွင်လူကုန်ကူးခံရသူ ၁၉၄ယောက်အနက် ၁၅၂ ယောက်ကို ကယ်တင်နိုင် ခဲ့ပြီး ၄၂ ဦးကို ကယ်တင်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကာ လူကုန်ကူးမှု အမျိုးအစားများမှာ အဓမ္မ လက်ထပ်ရန် ၃၁ မှု၊ အဓမ္မခိုင်းစေ ရန် ၁၆ မှု၊ ပြည့်တန်ဆာ ပြုရန် ၈ မှု၊ မွေးစားရန်  တစ်မှု တို့ ဖြစ်ကြသည်။

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု ကျူးလွန်သူစုစုပေါင်း ၁၁၄ ယောက်အနက် ၉၃ ယောက်ကို ဖမ်းဆီးရရှိခဲ့ပြီး ၅၁ ယောက်မှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ စာရင်းဇယားများ တွင်ဖော်ပြ ထားချက်အရ သိရသည်။

သတင်းထုတ်ပြန်ချက်များအရ ၂၀၁၅ ခုနှစ် နှစ်စမှ မေလအထိ ငါးလအတွင်း လူကုန်ကူးခံရမှု အများဆုံး ပြည်နယ်မှာ ရှမ်းပြည် နယ် ဖြစ်နေပြီး တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်ရန် လူကုန်ကူးခံရ သည်က ပိုမိုများပြားသည်ဟု သိရသည်။

ဤသို့ ဖြစ်ရသည်မှာလည်း ရှမ်းပြည်နယ်မှ တရုတ်ပြည်သို့ သွားရောက်ရန် လွယ်ကူခြင်းသည် လည်း ရှမ်းပြည်နယ်တွင် လူကုန် ကူးမှု အများဆုံးဖြစ်ပွားစေသည့် အချက်များအနက် တစ်ခုအပါအဝင် ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုကြသည်။

ထို့ပြင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်းပြီး ဗဟုသုတ အားနည်း၍ ရှမ်းပြည်နယ် တွင် လူကုန်ကူးမှု အများဆုံးဖြစ် ပွားနေခြင်း ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောပြကြသည်။

ယခုကဲ့သို့သော လူကုန်ကူးမှုများ မခံကြရစေရန် သတိနှင့် အသိကလေးထားဖို့ လိုအပ် ကြောင်း တာဝန်ရှိ ရဲတပ်ဖွဲ့ အရာရှိများက အကြံပြု ပြောကြားကြသည်။ အဓိကအားဖြင့် တရားဝင် သွားရောက်ကြရန်၊ အာမခံချက်ရှိသည့် ကုမ္ပဏီကြီးများနှင့် ဆက်သွယ် သွားလာကြရန် တိုက်တွန်း ပြောကြားကြသည်။

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးကို လုပ်ငန်းရပ် ၇၅ ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်တာကာလ အတွင်း လေးလလျှင်တစ်ကြိမ် ဦးစားပေးလုပ်ဆောင်မည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆိုသည်။

တစ်ဘက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည် ဆိုပါက မိမိအား အလုပ်ရှာပေးသူ၏ နေရပ် လိပ်စာ၊ အမည်၊ အတိအကျ၊ မိမိ သွားရမည့် လုပ်ငန်းခွင်တည်ရှိရာ နေရာ၊ လုပ်ငန်းခွင် အနေအထားနှင့် အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ တိကျသေချာစွာ မှတ်သားထားသင့် သည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့သော ဖြစ်ရပ်များနှင့် နှီးနွှယ်ဆက်စပ်သည့် ဖြစ်ရပ်များမှာ ယခုနှစ်များအတွင်း အတော်ကြီး ဖြစ်ပွားခဲ့သည်ကို တွေ့ရနိုင် သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင် ခိုင်းစေ ခံရသည့် ရေလုပ်သားများ၊ ထိုင်းနိုင်ငံမှ ရေသန့်ဘူးစက်ရုံတွင် အလုပ်လုပ်ရမည် ဆို၍သွားခဲ့ရာ အမှိုက်စက်ရုံ၌ ညစ်ညစ်ပေပေ လုပ်ခဲ့ရသည်များမှာ စာဖတ်သူများ အမှတ်ထင်ထင် ရှိနေဦးမည့် လတ်တလောဖြစ် ရပ်များပင်။

မြန်မာနိုင်ငံ၏ အလုပ်အကိုင်ရရှိမှု၊ ဝင်ငွေရရှိမှု အခြေအနေအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာ လုပ်ကိုင်နေကြရသူများ၏ ဝင်ငွေမြိုး မြိုးမြက်မြက် ရလိုမှုကို ဝေဖန်ရန် အကြောင်းမရှိလှဘဲ ထိုသူတို့ သတိထားဖွယ်ရာတို့ကို တောနေလှေအောင်း မြင်းဇောင်းမကျန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးရမည့် လုပ်ငန်းကို ယခုထက် ဆတိုး လုပ်ပေးရမည့် တာဝန်မှာ ပြည်သူတို့ ရွေးကောက် တင်မြှောက် လိုက် သည့် နိုင်ငံတော်အစိုးရအပေါ်တွင်သာ လုံးဝကျရောက်နေတော့ကြောင်း မဇ္ဈိမက ထောက်ပြလို ပါတော့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly