စာရွက်တစ်ရွက်၊ ဘော့ပင်တစ်ချောင်းနဲ့ ကားမှတ်တိုင် တစ်ခုရှိရင် ထမင်းစားဖို့ ရပါတယ်

စာရွက်တစ်ရွက်၊ ဘော့ပင်တစ်ချောင်းနဲ့ ကားမှတ်တိုင် တစ်ခုရှိရင် ထမင်းစားဖို့ ရပါတယ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်မှ ဦးမြအောင်က မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သူရေးလိုက်တဲ့ အကြောင်းအရာကတော့ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ ရန်ကုန်မြို့တွင် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး အခုအခါမှာ အငြိမ်းစား ယူထားပေမယ့် အိမ်ရဲ့ စားဝတ်နေရေးအတွက် ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်လုပ်ငန်း ဆိုလို့ အထင်မကြီး စေချင်ဘဲ သားသမီးမရှိတဲ့ ပင်စင်စား ဖြစ်တဲ့အပြင် ဇနီးဖြစ်သူကလည်း မှီခိုသူ တစ်ဦးဖြစ်ပြီး အခုအခါမှာတော့ အိမ်စရိတ် အဆင်ပြေဖို့အတွက် သူတတ်တဲ့ မုန့်လုပ်ပေးတာကို ရန်ကုန်မြို့ထဲက လက်ဖက်ရည် ဆိုင်တွေကို သူကလိုက်ပို့ရတဲ့ အလုပ်သာ ဖြစ်တယ်လို့ ပြောပါတယ်။

သူနေတဲ့ အင်းစိန်ကနေ မြို့ထဲက ဆိုင်တွေကို မုန့်ပို့တာ အရင်နှစ်တွေက ဒီလောက်မကြာခဲ့ပါဘူး။ ဂုံးကျော်တံတားတွေ ဆောက်ပြီးလည်း အရင်အတိုင်း ကြာနေတာကို ဘာကြောင့်လဲဆိုတာ သူလေ့လာမိတယ်လို့ ရေးပါတယ်။ သူတွေ့တာက လိုင်းကားတွေ ပြေးဆွဲတဲ့ လမ်းကြောင်းမှာ မထသတို့ သန်မြန်သူတို့ အဓိပတိ တို့ ယာဉ်လိုင်းတွေမှာ အချိန်ထိန်းသူတွေကို တာဝန် ပေးထားသလိုမျိုး မဟုတ်ဘဲ ယာဉ်မောင်းနောက်လိုက်နဲ့ သူတို့ကိုယ်ကို သူတို့ ခန့်ထားပြီး အချိန်မှတ်သူတွေကြောင့်လည်း ပါတယ်ဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မြို့ထဲသာမက မြို့ပြင်အထိပါ ကားမှတ်တိုင်တွေမှာ ကားမှတ်တိုင်ကို ရောက်လာတဲ့ ကားတွေကို တစ်စီးနဲ့ တစ်စီး ဘယ်လောက် ကွာတယ်လို့ မှတ်ပြီး စောင့်လို့ ပြောပေးနေတဲ့ သူတွေရှိပါတယ်။ သူတို့က ကားတစ်စီး မှတ်တိုင် ဝင်ရင် အဲဒီကားကို ရှေ့က ကားတွေနဲ့ တစ်စီးနဲ့ တစ်စီး ဘယ်လောက် ကွာနေတယ်ဆိုတာ စာရွက်တစ်ရွက်မှာ ဘော့ပင်နဲ့ ရေးမှတ်ထားတာကို ကြည့်ပြီး ပြောပါတယ်။ ဒီအခါမှာ ကားမောင်းသူက လူစီးများတဲ့ အချိန်ဆိုရင် ရောက်ပြီးတာနဲ့ ထွက်လို့ ရှေ့ကားကို မီအောင်လိုက်တတ်ကြလို့ ခရီးသည်တွေမှာ ဘုရားတပြီး စီးကြရပါတယ်။

လူပါးတဲ့ နေ့လယ် နေ့ခင်းဆိုရင်တော့ ရှေ့ကားက ထွက်သွားတာ  ၃ မိနစ်ကို ၅ မိနစ်တို့ဖြစ်နေသေးရင် ကားမှတ်တိုင်မှာ အကြာကြီး နားနေပြီးမှ ထွက်တယ်လို့ ပြောပါတယ်။ အခုလို ပူပြင်းတဲ့ နွေရာသီ ကာလမှာ ရန်ကုန်မြို့ထဲ အရိပ်မရှိတဲ့ ကားမှတ်တိုင်မှာ ရောက်ထွက်မဟုတ်ဘဲ မှတ်တိုင်မှာ ရပ်ချင်သလို ရပ်နေကြတဲ့အတွက် ခရီးသည်တွေ ဘယ်လို ခံစားရတယ်ဆိုတာ သူတို့ထည့် မတွက်ကြပါဘူး လို့ရေးပါတယ်။

သူ သတိထားမိတာက စီးမိတဲ့ ယာဉ်အများစုဟာ ယာဉ်ထိန်းရဲ အရေးယူတာ မခံရဘူးတဲ့ သူမတွေ့မိသလောက်ပဲလို့ ပြောပါတယ်။ ခရီးသည် ပြည်သူ တစ်ယောက်အနေနဲ့ အကြံပေးလိုတာက အခုလို ကားမှတ်တိုင်တွေမှာ အချိန်မှတ်နေတဲ့ သူတွေ့နေရာမှာ ယာဉ်လိုင်း တာဝန်ရှိ သူတွေက ခန့်ထား တာဝန်ပေးတဲ့  အချိန်ထိန်း ဝန်ထမ်းတွေ သတ်သတ်မှတ်မှတ်ထားပေးပြီး ယာဉ်တွေကို ကြပ်မတ်စေလိုပါတယ်။

သူတွေ့နေရတဲ့ မှတ်တိုင်တစ်ခုရောက်ရင် အချိန်မှတ်ပြီး ပြောတဲ့သူကို ကားစပယ်ယာတွေက ငွေ ၂၀၀ ကျပ် ပေးပေးနေတာက မဖြစ်သင့်လို့ တာဝန်ရှိသူတွေ အနေနဲ့ စဉ်းစားလုပ်ဆောင် နိုင်စေဖို့ အကြံပေး ရေးသားတာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ ဖော်ပြပေးပါလို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

Mizzima Weekly