“ ဒိုင် စိတ်ဆိုးနေပြီ၊ အင်န်အယ်လ်ဒီ အတွက် ကောင်းမလား ”

“ ဒိုင် စိတ်ဆိုးနေပြီ၊ အင်န်အယ်လ်ဒီ အတွက် ကောင်းမလား ”

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ အခြေခံ မဲစာရင်း မမှန်ကန်မှုတွေနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဇွန်လ ၃ ရက် နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆီ ပေးပို့ခဲ့တဲ့ အိပ်ဖွင့်ပေးစာပါ အချက်အလက်တွေကို ရှင်းပြတာ၊ အခြေခံ မဲစာရင်းပြုစုရတဲ့ သူတို့ရဲ့ အခက်အခဲ၊ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ဆိုတဲ့ မဲဆန္ဒနယ်မြေတွေ အကြောင်းနဲ့ နိုင်ငံတကာ ဖိအားကိစ္စတွေ ပါဝင်ပါတယ်။ အဲဒီပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အင်န်အယ်လ်ဒီ ပါတီနဲ့ အမေရိကန် အထက်လွှတ်တော် အမတ် တစ်ယောက်အပေါ် ရည်ညွှန်းပြီး အလွန်ဒေါသထွက် စိတ်ဆိုးစွာနဲ့ ပြင်းထန်တဲ့ မှတ်ချက် စကားတွေ ပြောဆိုခဲ့ပါတယ်။

အင်န်အယ်လ်ဒီလို ရွေးကောက်ပွဲ ပြိုင်ပွဲဝင်မယ့် ပါတီ တစ်ခုအပေါ် ဒိုင်သဖွယ် ကျင်းပပေးရမယ့် ကော်မရှင် ဥက္ကဋ္ဌက စိတ်ဆိုး ဒေါသထွက်တာဟာ ကောင်းသလား ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
အဲဒီနေ့က ဦးတင်အေး ဘယ်လိုစကားလုံးတွေနဲ့ ပေါက်ကွဲခဲ့သလဲ၊ ကြည့်ကြရ အောင်ပါ။ “အမှားကို ဘယ်လိုလုပ်လိုက်တာ အမှန်ဖြစ်တယ်လို့ ကြေညာချက် ကျတော့ ရေးဖို့သင့်တာပေါ့။ မရေးလည်း ကျွန်တော် ဘာမှ မပြောပါဘူး။

ဒီလိုပဲ ထားပါတယ်။ ဒါပေမဲ့လည်း ဆိုးတာက International Pressure (နိုင်ငံတကာ ဖိအား) ဆိုတာ လာတယ်။ သူတို့နဲ့ ၃ ရက်နေ့ တွေ့တယ်။ ၄ ရက်နေ့ကျတော့ မစ်ချ်မက်ကောနဲလ်က ဘာပြောလဲဆိုတော့ မြန်မာပြည်က ရွေးကောက်ပွဲ လူထုဆန္ဒ မထင်ဟပ်ဘူးဆိုရင် တပ်မတော်နဲ့ ဆက်ဆံရေး ပျက်ပြားသွားနိုင်တယ်။ စီးပွားရေး ပျက်ပြားသွားနိုင်တယ်။ ကျွန်တော် မကြောက် ပါဘူး။ လူထုဆန္ဒ မထင်ဟပ်ဘူးဆိုတာ ဘာနဲ့ တိုင်းတာတာလဲ။ သူ နိုင်စေချင်တဲ့ပါတီ မနိုင်လို့ လူထုဆန္ဒ မထင်ဟပ်ဘူးဆိုရင် ဒီဟာမျိုးကျတော့ လက်မခံနိုင်ဘူး။ သူ နိုင်စေချင်တဲ့ပါတီ နိုင်တာဟာ လူထုဆန္ဒ ထင်ဟပ်တယ်လို့ သဘောထားရင် NO ပဲ။ ဘယ်ပါတီ နိုင်နိုင် လူထုသဘောထား အတိုင်းပဲ ဖြစ်ရမယ်။

သူနိုင်စေချင်တဲ့ ပါတီ မနိုင်ရင် လူထုသဘောထား မထင်ဟပ်တာဖြစ်တဲ့ အတွက်ကြောင့် မြန်မာပြည်ကို ပိတ်ဆို့မယ်ဆိုရင် အခါ (၁၀၀) ပိတ် ကျွန်တော် ဂရုမစိုက်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ စကားရှိပါတယ်။ It is bloody but unbowed ဒီကိစ္စနဲ့ ပတ်သက်လို့ လုံးဝ ဂရုမစိုက်ဘူး။ ကျွန်တော်ကတော့ အမှန်အတိုင်း လုပ်သွားမှာ။ ဂရုစိုက်စရာ မလိုဘူး။ ကော်မရှင်လုပ်ငန်း ဆိုတာ နှစ်ယောက်စလုံး အနိုင်ပေးလို့ မရဘူး။ တစ်ယောက်နိုင် တစ်ယောက်ရှုံးပဲ” လို့ ပြောဆိုခဲ့ပါတယ်။

သူ့ပေါက်ကွဲသံစဉ်ကို ပြန်ရှင်းရရင် ဒုတိယ တစ်ကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာ မမှန်ကန်မှုတွေ အလွန်များတယ်လို့ အင်န်အယ်လ်ဒီနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ဆိုပါတယ်။ အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေဟာ ဇွန်လ ၃ ရက်နေ့မှာ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအဝင် တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပါတယ်။ အသေးစိတ် အချက်အလက်တွေပါတဲ့ အိပ်ဖွင့်ပေးစာကို ပေးပြီးနောက် ညှိနှိုင်းဆွေးနွေးကြရာမှာ အဆင်ပြေ၊ သဘောတူညီမှု ရကြတယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ အင်န်အယ်လ်ဒီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ ပြီးခဲ့တဲ့ ၃ ရက်နေ့က ကော်မရှင် ဥက္ကဋ္ဌနဲ့ တွေ့ပါတယ်။ ကျွန်တော်တို့ အချက်အလက်တွေ ကြိုတင်ရေးသွားတယ်။ အဲ့ဒီစာကို ဖတ်ပြီး ကျွန်တော်တို့နဲ့  သဘောတူတယ်။ ဥပဒေမှာ ဒီလိုရှိတယ်။ ခင်ဗျားတို့လုပ်နေတာ အောက်မှာ ဒီလို။ ဥပမာအားဖြင့် Voter list တွေ မှားနေရင် ပြင်ဖို့နည်းလမ်း သုံးခုလောက် ရှိထားတယ်။ အဲ့ဒီပြင်ဖို့နည်းလမ်းတွေအတွက် ပုံစံတွေလည်း ရှိတယ်။ ပုံစံထဲမှာ အကုန်ဖြည့်သွင်းပြီး တင်လိုက်ရုံပဲ။ ဒါဆိုပြီးပြီ။

အဲ့ဒီလောက် လွယ်တဲ့ကိစ္စကို ဘာလုပ်နေကြလဲဆိုတော့ ဗဟိုကော်မရှင်က မသိဘဲ နောက်ထပ် ပုံစံတစ်ခု လုပ်တယ်။ အဲ့ဒီပုံစံကို ဖြည့်မှ သူတို့ တင်ပေးမယ်ဆိုတော့ ဒါလုပ်ခွင့် မရှိဘူး။ ဥပဒေကို ချိူးဖောက်တာ။ ကျွန်တော်တို့လည်း တင်ပြလိုက်တော့ ချက်ချင်း သူတို့တုန့်ပြန်တယ်။ ကျွန်တော်တို့ ချက်ချင်း အရေးယူ ပါမယ်တဲ့” ဆိုပြီး ပြောပါတယ်။

အင်န်အယ်လ်ဒီ အပေါ် ဦးတင်အေး “တင်း” သွားတဲ့ ပထမ အချက်က အိပ်ဖွင့်ပေးစာထဲမှာ သူတို့ချင်း အဲလို ညှိနှိုင်းဆွေးနွေး၊ ပြေ လည်မှု ရတာကို ထည့်မရေးလို့ပါ။ ဒါပေမဲ့ ဒါကို သူက ဘာမှ မပြောလိုဘူးလို့ ဆိုပါတယ်။ သူ ဒီထက် ပိုစိတ်ဆိုး ဒေါသထွက် တာက ဇွန်လ ၄ ရက်နေ့ အမေရိကန် လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် ရဲ့ သတိပေး စကားထွက်လာတဲ့ ကိစ္စပါ။

မစ်ချ်မက်ကောနဲလ် ပြောတာက မြန်မာပြည်က တာဝန်ရှိသူတွေ ရွေးကောက်ပွဲကို ကောင်းကောင်းလုပ်ပေး၊ မဟုတ်ရင် ရထားတဲ့ ဆက်ဆံရေးတွေ ထိခိုက်နိုင်တယ်ဆိုတဲ့ စကားပါ။ ဒါမျိုး အမေရိကန်တွေ ပြောလေ့ရှိတာမျိုးပါ။ အထူးအဆန်း မဟုတ်ပါဘူး။

ဒါပေမယ့် ဒါကို ဦးတင်အေးက အမေရိကန်ဘက်က သက်သက်ပြောတယ်လို့ မယူဆ ပါဘူး။ အင်န်အယ်လ်ဒီရဲ့ ကော်မရှင် ကို ထောက်ပြတဲ့ အိပ်ဖွင့်ပေးစာကြောင့်၊ ဒါမှမဟုတ် အင်န်အယ်လ်ဒီနဲ့ မစ်ချ်မက်ကောနဲလ်တို့ လက်ဝါးချင်းရိုက်ပြီး နိုင်ငံတကာ ဖိအားပေးတယ် ဆိုပြီး စွပ်လဲ စွပ်စွဲ ဒေါသလည်း ထွက်၊ ဖြစ်ခဲ့တာပါ။ တကယ်တော့ အမေရိကန် လွှတ်တော် အမတ်ဟာ သူ့အလုပ် သူလုပ်တာဖြစ်ပြီး၊ ဦးတင်အေးကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ လိုပါတယ်။ စိတ်ဆိုးဒေါသထွက်၊ စီးပွားရေးကို အခါ (၁၀၀) ပိတ် ဂရုမစိုက်ဘူး ဆိုတာမျိုး ပြောဖို့ မလိုပါဘူး။

ဒီစကားရဲ့ အဓိပ္ပာယ်ဟာ မြန်မာနိုင်ငံ ဘယ်လောက် ကံဆိုးမိုးမှောင်ကျကျ ဂရုမစိုက်ဘူး ဆိုတဲ့ သဘောလည်းရပါတယ်။ ထားပါ။ ဒါက ဦးတင်အေးရဲ့ အမေရိကန် အမတ်တစ်ယောက်အပေါ် ထားတဲ့သဘောထားပါ။

မကောင်းတာက အင်န်အယ်လ်ဒီ အပေါ် ခုလို လူသိထင်ရှား စိတ်ဆိုးဒေါသထွက် ပြစ်တင်ပြတဲ့ ကိစ္စပါ။ ဒိုင်ဟာ ပြိုင်ပွဲဝင် တစ်ယောက်ကို အမြင်မကြည် စိတ်ဆိုး ဒေါသထွက်ပြနေပြီဆို အဲဒီပြိုင်ပွဲဝင်သူအတွက် မကောင်းပါဘူး။ အကြောင်းကတော့ ဒိုင်ချုပ်ရဲ့ ပြောဆို ပြုမူပုံတွေကို လိုက်ပြီး အောက်ခြေ ဒိုင်အဆင့်ဆင့်ကလည်း အဲဒီ သဘောအတိုင်း လိုက်ပါ အကောင် အထည် ဖော်ကြမှာမို့ ဖြစ်ပါတယ်။

တကယ်တော့ ဒိုင်ချုပ် ဆိုတာကလည်း အရင်က ဒီပြိုင်ပွဲဝင်ကို မတရားသဖြင့် အမျိုးမျိုး ဖိနှိပ်၊ နှိပ်စက်သူတွေထဲက တစ်ယောက် ဖြစ်လေတော့ ဒီအခြေအနေမျိုး ရောက်လာတာ ထူးဆန်းတယ်လို့တော့ မဆိုနိုင်ပါဘူး။ နောက်ပိုင်း ဒီထက်ဆိုးတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဖွဲ့စည်းပုံအရ၊ ကော်မရှင် ဥပဒေအရ ဒီဒိုင်တွေဟာ သာမန်ဒိုင်တွေ မဟုတ်ပါဘူး။

ရွေးကောက်ပွဲ ပြီးလို့ ပြိုင်ပွဲဝင် အချင်းချင်း အငြင်းပွားရင် တရားသူကြီးသဖွယ် ဝင်ဖြေရှင်း အပြီးသတ် အမိန့်ချမှတ်မယ့် သူတွေ ဖြစ်သလို၊ အဲဒီ ဆုံးဖြတ်ချက်ကို ဘယ် တရားရုံးမှာမှ အယူခံဝင်ခွင့် မရှိလို့ပါပဲ။ ဦးတင်အေး နောက်ဆုံးပြောတဲ့ စကားဟာ အလွန်သတိပြုစရာ ကောင်းပါတယ်။ “ကော်မရှင်လုပ်ငန်းဆိုတာ နှစ်ယောက်စလုံး အနိုင်ပေးလို့ မရဘူး။ တစ်ယောက်နိုင် တစ်ယောက်ရှုံးပဲ” တဲ့။

စည်သူအောင်မြင့်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly