ကျောင်းသူ၊ ကျောင်းသားတွေ ဖေ့စ်ဘွတ်ခ်သုံးရင် သတိထားကြနော် ကျောင်းထုတ်ခံရမယ်တဲ့

ကျောင်းသူ၊ ကျောင်းသားတွေ ဖေ့စ်ဘွတ်ခ်သုံးရင် သတိထားကြနော် ကျောင်းထုတ်ခံရမယ်တဲ့

ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းခရိုင်၊ ပေါင်းတည်မြို့မှာနေတဲ့ ဒေါ်ခင်လေးရီက မဇ္ဈိမစာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သူဟာအငြိမ်းစား ကျောင်းဆရာမတစ်ဦးဖြစ် ပြီး စာဖတ်ဝါသနာပါသူ ဖြစ်တဲ့အတွက် နေ့စဉ် သတင်းစာ ဖတ်သူဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ ဖတ်ရတဲ့ သတင်းစာထဲမှာ “ရန်ကုန်ရှိ အခြေခံပညာကျောင်း အချို့၌ လူမှုကွန်ရက် စာမျက်နှာမှ ခိုက်ရန်ဖြစ်ပွားနိုင်သည့် အကြောင်းအရာများ ရေးသားခြင်း၊ ညစ်ညမ်းပုံများ၊ မှတ်ချက်များ ပေးပို့ရေးသားခြင်းများ ပြုလုပ်ပါက ကျောင်းမှ ထုတ်ပယ်သည် အထိ အရေးယူမည် ဟု စည်းကမ်းချက်များ ထုတ်ပြန်ထား” ဆိုတဲ့ ခေါင်းစဉ် ရေးထားတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတာကြောင့် ရေးလိုက်တဲ့ စာပါလို့ ပြောပါတယ်။

သူဖတ်လိုက်ရတဲ့ သတင်းမှာ ဖေ့စ်ဘွတ်ခ်တွေ သုံးပြီးတော့ ရန်ဖြစ်တာတွေရှိတယ်။ အပြင်မှာတော့ တကယ် မဖြစ်သေးဘူး။ အရင်နှစ်တွေကဆိုရင် ညစ်ညမ်းပုံတွေကို ကူးယူပြီး လက်သိပ် ထိုးကြည့်ကြတာမျိုး တေ့ွရတယ်ဆိုတာတွေ ဖတ်ပြီး စိတ်ထဲမှာ ကလေးတွေအတွက် စိတ်ပူမိပါတယ်။ သတင်းထဲမှာ ရေးထားတာကတော့ ယင်းကဲ့သို့ စည်းကမ်းချက်များ ထုတ်ပြန်ခြင်းသည် တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာနများ၏ ညွှန်ကြားချက်အရ မဟုတ်ဘဲ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ကျောင်းအလိုက် မိမိတို့ အစီအစဉ်များဖြင့် ထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း သိရသည်ဆိုပြီး ဖတ်လိုက်ရတယ်လို့ ပြောပါတယ်။

နှစ်ပေါင်း လေးဆယ်နီးပါး စာသင်ကြားပြီး အုပ်ချုပ်ခဲ့တဲ့ အတွေ့အကြုံအရ ကလေးသူငယ် အရွယ်တွေကို ကြိုတင်လို့ အသိပညာပေးဖို့ လိုသလို တချို့အရာတွေကို သတိပေးသလို ဖြစ်သွားနိုင်လို့ ဆရာနဲ့ မိဘ ပူးပေါင်းပြီး သိမ်မွေ့စွာနဲ့ ကိုင်တွယ်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းသားအရွယ် လူငယ်တွေဟာ စူးစမ်းချင်တဲ့ စိတ်တွေများပြားပြီး အတွေ့အကြုံ သစ်ကို ခုံမင်ကြသူတွေ ဖြစ်တဲ့အတွက် သူတို့နားကို ရောက်လာတဲ့ ဘယ်အတွေ့အကြုံမျိုးကို မဆို စူးစမ်းတာ၊ စမ်းသပ်တာတွေ လုပ်ကြမှာပါပဲ။ ဒါကို ကျောင်းမှာ ဆရာက ဆုံးမပြီး အိမ်မှာ မိဘက ပြောလို့ သွန်သင်ကြဖို့ လိုပါတယ်လို့ ရေးပါတယ်။ ဆရာဆိုတာ ကျောင်းမှာ စာသင်ရုံနဲ့ မပြီးဘဲ မိမိရဲ့တပည့်တွေကို ပြုပြင်တတ်ရမယ်လို့ သူခံယူထားပါတယ်လို့ ဆိုပါတယ်။ မိဘတွေဘက်ကလည်း စီးပွားရေးကို လုပ်နေရလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ သားသမီးကို သွန်သင်ဖို့ လစ်ဟင်း တာမျိုးလည်း မဖြစ်ကြစေချင်ပါဘူးလို့ ပြောပါတယ်။

အခုရေးထားတဲ့ သတင်းထဲမှာ ပါသလို ခိုက်ရန်ဖြစ်ပွားမယ့် အကြောင်းရေးတာ၊ ညစ်ညမ်းပုံများ၊ မှတ်ချက်များ ပေးပို့ရေးသားခြင်းများ ပြုလုပ်ခဲ့ရင် စည်းကမ်းချက်တွေ ထုတ်ပြန်ထားတဲ့ အချို့ကျောင်းတွေက ကျောင်းမှ ထုတ်ပယ်သည့်အထိ အရေးယူမယ်လို့ ထုတ်ပြန်တာကတော့ ကျောင်းသူ၊ကျောင်းသားတွေ ဘဝရှေ့ရေးအတွက် ရင်လေးစရာပါ။ ကျောင်းစာ ဆက်သင်ခွင့်မရှိတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝကို တွေးကြည့်ကြစေချင်ပါတယ်။ ဆရာနဲ့ မိဘတွေအနေနဲ့ ကလေးတွေကို အတတ်နိုင်ဆုံး လက်တွဲခေါ်ကြရမှာ ဖြစ်ပါတယ်။
အရင်ကတည်းက ကျောင်းတွေမှာ စည်းကမ်းဖောက်ဖျက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အရေးယူရာမှာ တစ်ခါတည်းတန်းပြီး ကျောင်း မထုတ်ကြပါဘူး။ မိဘနဲ့အရင် ခေါ်ယူဆွေးနွေးပြီး အကြိမ်ကြိမ် ဖောက်ဖျက်မှာသာ ဒီလိုထုတ်ပယ်တာမျိုး လုပ်ကြပါတယ်။ ဘယ်ဆရာ၊ ဆရာမကမှ ကျောင်းသားကို မှင်နီတားပြီး ကျောင်း မထုတ်ချင်ကြပါဘူး။ မဖြစ်နိုင်လွန်းလို့ပဲဖြစ်ဖြစ်၊ ရာဇဝတ်မှု ကျူးလွန်ခဲ့တာမျိုးပဲဖြစ်ဖြစ် ဒီလိုမှသာ ကျောင်းထုတ်ကြတာပါလို့ ဆိုပါတယ်။ သူအနေနဲ့ကတော့ ကျောင်းသား တွေကို ဖေ့စ်ဘွတ်နဲ့ ပတ်သက်ပြီး စနစ်တကျ အကျိုးရှိရှိ အသုံးချတတ်အောင် ဆရာရော၊ မိဘပါ ပညာပေးကြစေချင်ပါတယ်။ လုပ်ပြီးမှ ကျောင်းထုတ်လိုက်တာနဲ့ မလုပ်ခင်ကတည်းက အသိပညာပေး ဆွေးနွေးကြတာ ပိုမကောင်းဘူးလားလို့ ကျောင်းသား၊ ကျောင်းသူတွေကို ဖေ့စ်ဘွတ်သုံးလို့ ကျောင်းထုတ်ခံရမှာကို မလိုလားတဲ့ အငြိမ်းစားကျောင်းဆရာမ တစ်ဦးရဲ့ ပေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly