“ တရုတ် တပ်မတော် စစ်ရေးလေ့ကျင့်မှု ဘာ အဓိပ္ပာယ် ဆောင်သလဲ”

“ တရုတ် တပ်မတော် စစ်ရေးလေ့ကျင့်မှု ဘာ အဓိပ္ပာယ် ဆောင်သလဲ”

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကစ မြန်မာနယ်စပ်အနားက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ မှာ တရုတ်တပ်မတော်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါပြီ။ ကြည်းတပ်နဲ့ လေတပ် ပူးပေါင်း ပါဝင် ဆင်နွဲှပြီး ကျည်အစစ်အသုံးပြုတဲ့ အဲဒီ လေ့ကျင့်မှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အာဏာပိုင်တွေကိုတော့ ကြိုတင် အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ခုလို စစ်ရေးလေ့ကျင့်မှု လုပ်ရတဲ့ တရုတ်တပ်မတော်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်ရေးပဋိပက္ခ ဘာတွေ ဖြစ်ခဲ့ဖူးသလဲ၊ မြန်မာနဲ့ တရုတ် ဘာတွေ ဖြစ်ခဲ့ဖူးသလဲ၊ အခုစစ်ရေးလေ့ ကျင့်မှုကနေ ရှေ့ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

တရုတ်တပ်မတော်ဘက်က ခုလို စစ်ရေး လေ့ကျင့်မှုတွေ မလုပ်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစ မြန်မာဘက်အခြမ်း ကိုးကန့်နယ်မြေထဲမှာ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ မြန်မာ့ တပ်မတော် တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ မျက်မှောက်ကာလ တိုက်ပွဲတွေမှာမြန်မာ့ တပ်မတော်အတွက် အထိအခိုက်အကျအဆုံး အလွန်များတဲ့တိုက်ပွဲတွေ လို့လည်း ပြောနိုင်ပါတယ်။ မြန်မာ့ တပ်မတော်ဘက်ကတော့ ကိုးကန့်တပ်ဖွဲ့တွေ ကိုးကန့်နယ်မြေထဲ ခြေကုတ် လုံး၀ မယူနိုင်အောင် လေကြောင်း ပစ်ကူတွေ အပါအဝင် လူသူလက်နက် အင်အား အလုံးအရင်း အသုံးပြုပြီး တိုက်ထုတ် နေခဲ့တာပါ။

ဒါပေမယ့်လည်း ကိုးကန့်တပ်ဖွဲ့တွေ နေရာယူထားတာဟာ တရုတ်နိုင်ငံ နယ်စပ်နဲ့ အလွန်နီးကပ်တဲ့ တောင်ကုန်းတွေမှာ ဖြစ်နေတာ၊ နယ်စပ်မှာ ဖြစ်နေတာကြောင့် မြန်မာ့လေတပ် အနေ နဲ့ ပျံသန်းတိုက်ခိုက်ရ ခက်ခဲတာ၊ မြန်မာ့လေတပ်မှာ ပစ်မှတ်ကို အတိအကျ ထိမှန်အောင် ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းစနစ်သုံး စမတ်ဗုံးတွေ အသုံးမပြုနိုင်တာ စတဲ့ အချက်တွေကြောင့် ဗုံးဆံ တချို့ တရုတ်နိုင်ငံ နယ်နိမိတ်ထဲက ကျေးရွာတွေ ကျပြီး လူသေဆုံး၊ ထိခိုက်ဒဏ်ရာရတာ၊ အဆောက်အအုံ ပျက်စီးတာ တချို့ရှိခဲ့ပါတယ်။

တကယ်ကတော့ တရုတ်ရဲ့အင်အားနဲ့ ဘယ်လိုမှ မယှဉ်နိုင်တဲ့ မြန်မာ့တပ်မတော်ဟာ သူပုန်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတာသာ ဖြစ်ပြီး တရုတ်နယ်မြေကို ကျူးကျော်ဖို့၊ စော်ကားဖို့၊ ရန်စဖို့ ဘယ်လိုအကြောင်းမှ မရှိဘူးဆိုတာ တရုတ်အစိုးရ၊ တရုတ်တပ်မတော်နဲ့ တရုတ်ပြည်သူတွေ သိနားလည်ကြပါတယ်။ ဒါပေမဲ့လည်း မြန်မာ့တပ်မတော်က နှိမ်နင်း တိုက်ခိုက်နေ သူတွေဟာ ကိုးကန့်သူပုန်တွေဖြစ်ပြီး တရုတ်ပြည်ထဲက လူမျိုးတွေနဲ့ မျိုးနွယ်စု တူတွေ ဖြစ်ခြင်း၊ ကိုးကန့်တပ်တွေကို တိုက်နေတာနဲ့ တစ်ပြိုင်နက်တည်း မြန်မာ့ တပ်မတော်ဟာ မြန်မာပြည်ထဲက သစ်ခိုးထုတ်တဲ့ တရုတ်လူမျိုးတွေကိုပါ ဖမ်းဆီး နှိမ်နင်းနေခြင်း စတဲ့ အချက်တွေကြောင့် နယ်စပ်နေ တရုတ်ပြည်သူတွေကတော့ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရကို မကြိုက်နှစ်သက် တော့ပါဘူး။ ဒီလိုနည်းနဲ့ ဗုံးတွေ၊ ကျည်ဆန်တွေ ကိုးကန့်နယ်ထဲ ကျ၊ လူသေ ဒဏ်ရာရသည်အထိ ဖြစ်လာတဲ့အခါ သူတို့ကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုရင်း အခုလို စစ်ရေးလေ့ကျင့်ရတဲ့ အဆင့်အထိ ဖြစ်လာတာပါ။

တကယ်တော့ ၁၉ ရာစု ကာလတုန်းကတော့ တရုတ်ဆိုတာ အင်အားကြီး အနောက်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံရဲ့ အနိုင်ကျင့်နယ်ချဲ့ ဖိနှိပ်မှုကို ခံခဲ့ရတဲ့ နိုင်ငံကြီး တစ်နိုင်ငံသာ ဖြစ်ပါတယ်။ ၁၉၄၉ ချန်ကေရှိတ် အမျိုးသားရေး အစိုးရကို တရုတ်ကွန်မြူနစ် တပ်တွေက တိုက်ထုတ်၊ တရုတ်ပြည်သစ် တည်ထောင်ပြီးနောက်မှ တရုတ်နိုင်ငံဟာ တစတစ အင်အားရှိလာတာ ဖြစ်ပါတယ်။ နောက်ပိုင်း ကာလတွေမှာတော့ နိုင်ငံခြား တိုင်းပြည်တွေက တရုတ်ကို လာတိုက်တာ မရှိတော့ဘဲ တရုတ်ကသာ နိုင်ငံခြားတိုင်းပြည် တွေနဲ့ တိုက်ခိုက်တာ၊ အိမ်နီးချင်း တိုင်းပြည်ထဲ ဝင်တိုက်တာ ရှိခဲ့ပါတယ်။

အိန္ဒိယနဲ့ နယ်စပ်စစ်ပွဲ ဆင်နွှဲဖူးပါတယ်။ ကိုရီးယားစစ်ပွဲမှာ တောင်ကိုရီးယားကို ကုလသမဂ္ဂ လက်အောက်ခံ အနောက်နိုင်ငံတပ်ဖွဲ့တွေက ကူပြီး တိုက်ပေးခဲ့သလို၊ တရုတ်တပ်တွေ ကလည်း ကိုးရီးယားနယ်မြေထဲမှာ မြောက်ကိုရီးယားဘက်ကနေ ဝင်တိုက်ခဲ့ဖူး ပါတယ်။ ၁၉၇၉ ခုနှစ် လူသန်းနဲ့ချီ သတ်ဖြတ်ခဲ့တဲ့ ကမ္ဘောဒီးယား ခမာနီ အစိုးရကို ဖြုတ်ချဖို့ ဗီယက်နမ် တပ်တွေ ကမ္ဘောဒီးယားနယ်မြေထဲ ကျူးကျော်တိုက်ခိုက်တာကို ဆုံးမဖို့ဆိုပြီး တရုတ်ဗော်လံတီယာ တပ်တွေဟာ မြောက်ဘက်နယ်စပ်ကနေ ဗီယက်နမ်နိုင်ငံကို ဆုံးမဖို့ ဆိုပြီး ဝင်တိုက်ဖူး ပါတယ်။ နယ်စပ်တိုက်ပွဲတွေမှာ အထိအခိုက် အကျအဆုံးများပြီးနောက် တရုတ်တပ်တွေ ပြန်ဆုတ်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၁၉၆၇ ပြည်တွင်းမှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ဖြစ်ပွားပါတယ်။ တရုတ်တချို့ အကြမ်းဖက် သတ်ဖြတ် ရိုက်နှက်ခံရပါတယ်။ ဒီ ပြဿနာကို အရင်းတည် ပြီးတရုတ်ကွန်မြူနစ်ပါတီဟာ သူ့နိုင်ငံထဲ ရောက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ အင်အားတချို့၊ ကချင်စစ်ဗိုလ် နော်ဆိုင်း၊ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင် တို့ကို လက်နက်တပ် ဆင်ပေး၊ အင်အားကြီးလှတဲ့ တရုတ်ဗော်လံတီယာ တပ်ဖွဲ့တွေနဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် နယ်စပ်ကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ဗကပ အလံထောင်ထားတဲ့ တရုတ်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ နေရာတွေဟာ လက်ရှိ ဝ၊ ကိုးကန့်၊ မိုင်းလား ဆိုတဲ့ အစိုးရ အချုပ်အခြာအာဏာ မသက်ရောက်တဲ့ သူပုန်နယ်မြေတွေ အဖြစ် ကျန်ရစ်ပါတယ်။

ပြောရရင် မြန်မာနဲ့ တရုတ် ဆက်ဆံရေးမှာ မြန်မာက တရုတ်ကို ကျူးကျော်ဖို့ နေနေသာသာ ရန်စဖို့တောင် မစဉ်းစားခဲ့ဖူးပါဘူး။ တရုတ်ကသာ လူသူလက်နက် အင်အား အပြည့်အစုံနဲ့ ဗော်လံတီယာ တပ်တွေသုံးပြီး ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့ဖူးပါတယ်။ နယ်စပ်အခြေစိုက် တိုင်းရင်းသား သူပုန်တွေကို လက်နက်၊ စားရေရိက္ခာ ရောင်းချပေးသလို ဆိုးသွမ်းလှတဲ့ မြန်မာစစ်အာဏာရှင်တွေ သက်ဇိုးရှည်အောင်လည်း ကျောထောက်နောက်ခံ ပေးခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။

အခုနောက်ဆုံး ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှု အဓိပ္ပာယ်ကတော့ မြန်မာပြည်ဘက်က နောက်ထပ် ကျည်ဆန်၊ ဗုံးဆန်တွေ ထပ်ကျရင် အဲဒီပစ်ခတ်တဲ့ တပ်ဖွဲ့တွေကို အကန့်အသတ်နဲ့ တန်ပြန်ဆုံးမဖို့ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပုံရပါတယ်။ ဒါမျိုး ထိုင်းတပ်မတော်ကလည်း ထိုင်း-မြန်မာနယ်စပ်မှာ ပြုလုပ်ဖူးပါတယ်။ ဒီအတွက် မြန်မာ့တပ်မတော် အနေနဲ့ စဉ်းစားသုံးသပ်ဖို့ လိုပါပြီ။ ဒီလို အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံက အင်အားကြီး တပ်မတော်ရဲ့ ပြုမူမှုမျိုးကို ဉာဏ်ပညာရှိရှိ တုန့်ပြန်နိုင်ဖို့ဆိုရင် ပြည်တွင်းမှာ ကိုယ့်နိုင်ငံသား အချင်းချင်း၊ ကိုယ့် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုရှိဖို့၊ တိုင်းပြည် ချမ်းသာဖို့၊ ကိုယ့်ကို တစ်ပါးသူ လွယ်လင့်တကူ မစော်ကားရဲအောင် မိတ်ကောင်းဆွေကောင်းတွေရှိဖို့ လိုနေပြီ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly