ဝင်စို့ ထွက်စို့

ဝင်စို့ ထွက်စို့

သိပ်မကြာသေးခင်က ဘီဘီစီ ရေဒီယိုရဲ့ သတင်းတစ်ပုဒ်ကို မောင်မှန် နားထောင်မိတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ (လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘဲ) NLD ပါတီ စီအီးစီတွေ တွေ့ဆုံကြတဲ့ သတင်းပါ။ သတင်းကြေညာအပြီးမှာ သတင်းကြေညာသူက တွေ့ဆုံပွဲ မှာပြောတဲ့ ဒေါ်စုရဲ့ စကားတွေကို ထောက်ရှုပြီး ၂၀၀၈ဖွဲ့စည်းပုံ မပြင်လည်း ရွေးကောက် ပွဲဝင်မယ့် သဘောမှာ ရှိတယ်လို့ မှတ်ချက် ပြုသွားခဲ့ပါတယ်။

ဟုတ်ပါတယ်။ မောင်မှန်လည်း ဒီလိုပဲ သဘောရပါတယ်။ နယ်လှည့် စည်းရုံးနေတာတွေ၊ လွှတ်တော်ကိုယ်စားလှယ် ပါတီတွင်း ရွေးချယ်နေတာတွေ၊ ပြောနေဆိုနေတာတွေ၊ ဟိုအရင်က ပြောခဲ့ဖူးတာတွေအရ ပြင်ပြင်၊ မပြင်ပြင် ဝင်မယ်လို့ ယူဆစရာတွေချည်းပါ။ ပြင်ဆင်ကြိုးပမ်းတဲ့ နည်းလမ်းကိုလည်း ဒေါ်စုက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိပါတယ်။

မေလ (၂၃)ရက်က ပူတာအိုမှာ ဒေါ်စုပြောတာက “ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဥပဒေဘောင် အတွင်း ကလုပ်ချင်တယ်။ ဥပဒေဘောင်အတွင်းက လုပ်ချင်တယ် ဆိုတဲ့ အဓိပ္ပာယ်က ဆူပူပြီးတော့ လှုံ့ဆော်ဆန္ဒပြပြီးတော့ လုပ်တဲ့နည်း မဟုတ်ဘဲနဲ့ ဥပဒေက သတ်မှတ် ထားတဲ့ လမ်းကြောင်းအတွင်းက လုပ်ချင်တယ်။ အဲဒီလို လုပ်ချင်တဲ့ အကြောင်း ကနှစ်ခု ရှိတယ်။ ပထမတစ်ခုက ပြည်သူတွေ ဒုက္ခမရောက်အောင်၊ မထိခိုက်အောင်လို့၊ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိအောင်လို့ ” တဲ့။

ဆူပူတယ်ဆိုတဲ့ စကားလုံးဟာ ဒေါ်စု နှုတ်ဖျားကို ရောက်ရှိသွားခဲ့ပါပြီ။ ဆူပူတယ် ဆိုတာနဲ့ ဆန္ဒပြတယ် ဆိုတာ အနက်အဓိပ္ပာယ် ချင်းတော်တော်ကွဲလွဲပါတယ်။ မောင်မှန်တို့ဟာ ဆူပူလိုသူ တွေတော့ မဟုတ်ကြပါဘူး။ ထားပါ၊ ဒီနေရာမှာဒါကို မဆွေးနွေးတော့ ပါဘူး။

အမေစုက ဘောင်ထဲကပဲ သွားချင်ပါသတဲ့။ ၂၀၀၈ ဖွဲ့စည်းပုံကို ဦးဆောင်ရေးဆွဲခဲ့တဲ့ တပ်မတော် အရာရှိဟောင်းလည်းဖြစ် ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီလည်းဖြစ်သူ သူရဦးအောင်ကို ရဲ့ စကားအချို့ကို ကြည့်ကြရအောင်ပါ။

“ နိုင်ငံသားတွေ စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဒီတာဝန်သည် လွှတ်တော် တာဝန် သာဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်ရန် သဘော တူကြောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်က မကြာခဏ ပြောနေတာ ကြားရမှာပါ။ အဲဒီ ပြဋ္ဌာန်းချက်အရဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ၉၉ ရာခိုင်နှုန်း မဖြစ်နိုင်ဘူးဆိုတာ ပြည်သူအားလုံးသိနေတယ်။ လုံးဝ မပြင်ချင်ဘူးဆိုတဲ့ အဓိပ္ပာယ် သဘောမျိုး သက်ရောက်တယ်” လို့ သူရဦးအောင်ကိုက ဆိုပါတယ်။ နောက်ပြီး နောက်အစိုးရ လက်ထက်မှာလည်း ပြင်ဖို့ မဖြစ်နိုင်သေးကြောင်းပါဟု ဟောကိန်းထုတ်ခဲ့ပါတယ်။

သူရဦးအောင်ကို ပြောတာကို မောင်မှန်တို့ ပြည်သူအများက လုံးဝဥဿုံ သဘောပေါက်ကြ ပါတယ်။ သိပ်ပြီး နားမလည်စရာလည်း မရှိပဲကိုး။ ဟုတ်ပြီ၊ ဒါဆိုရင် ဒေါ်စုဖြစ်ချင်တာနဲ့ သူရ ဦးအောင်ကို အပြောက ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့သလို ဖြစ်ကြ ပြီပေါ့။ ဒေါ်စုက တဘောင်ဘောင် နဲ့ ဘောင်ဘောင်ဖောက်တယ်။ သူရဦးအောင်ကိုက ဒီဘဝအတွက်တော့ နှမလက်လျှော့နေလေဦး တော့ကွယ်တဲ့၊ (ဒီဘဝ ဒီ အစိုးရတင်မက နောက်ဘဝ နောက်အစိုးရမှာပါ လက်လျှော့ရမယ့်သဘော) ဒါပေမဲ့လည်း ပြည်သူတွေ စိတ်မပူကြပါနဲ့။

အမေစု ဥထားတာတွေ ရှိတယ်။ ပူတာအိုမှာပဲ အမေစု ထပ်ပြောတာက “ ၅၉ (စ) အပြင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက အချက်တွေကိုပြင်ဖို့ ဘယ်လို လုပ်မလဲဆိုရင် ကျွန်မကတော့ ဘယ်လိုပဲလုပ်လုပ် ပြည်သူ မနစ်နာတဲ့နည်းနဲ့ ပြည်သူ မထိခိုက်တဲ့နည်းကို ကျွန်မတို့ ရွေးမှာပါ။ ကျွန်မတို့ အဖွဲ့ချုပ်က ဒါတွေ စဉ်းစားထားတာ ရှိပါတယ်။ ပြောသင့်ပြောထိုက်တဲ့အခါမှာ ပြောမှာပါ” တဲ့ တွေ့တယ်နော်၊ လမ်းဆုံး ကမ်းကုန်နေတာ မဟုတ်သေးဘူး။

နည်းလမ်းတွေ ရှိသေးတယ်။ အချိန်မတန်လို့ မပြောသေးတာ၊ ၉၉ ရာခိုင်နှုန်း မဖြစ်နိုင်ဘူးတို့ ဘာတို့ဆိုတာ မဟုတ်သေးဘူး။ ဖြစ်နိုင်သေးတယ်။ နည်းလမ်းကို ပြောသင့်ပြောထိုက်တဲ့ အချိန်ကျရင် ပြောကိုပြောမှာ၊ ပြောကိုပြောဦးမှာ၊ အဲဒီအခါကျမှ ဒေးဗစ်ကော့ပါးဖီး မျက်လှည့်ကြည့်လိုက်ရသလို ဖြစ်သွားစေရမယ်လို့ ဒေါ်စု မပြောပေမယ့် မောင်မှန်ကြားထဲက ဝင်ပြီး အာချောင်လိုက်ပါတယ်ခင်ဗျာ။

ဘာပဲပြောပြော (တကယ်က) ဘာပဲ မပြော မပြော နည်းလမ်းရှိသေးတယ်ဆိုတာ ဝမ်းသာ စရာပါ။ ပြည်သူတွေ မထိခိုက်ဘဲ အပ်ချလောင်းလုပ် မန်းမှုတ်လိုက်လို့ တိုင်းပြည်ကြီးကောင်းစား သွားမယ်ဆိုလည်း ကောင်းတာပါပဲ။ အဲဒီ တန်ခိုးရှင်ကို တစ်နေ့တစ်ကြိမ်သုံးခါ မောင်မှန်ဝတ်ပြုမယ်လို့ ကတိပြုပါတယ် ခင်ဗျာ။ တစ်ခါ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် ဖွဲ့စည်း ပုံပြင်ဆင်ရေး သူ့ရဲ့ ကြိုးပမ်းမှု ကိုလည်း ခုလို ပြောပြန်ပါသေးတယ်။

“လွှတ်တော်အတွင်းမှာ အခု ဒီဟာကို ဆွေးနွေးတဲ့ အခါကျတော့ မပြုပြင်ချင်တဲ့အပိုင်းတွေလည်း ရှိတယ်၊ခြောက်ပွင့်ဆိုင်ဆွေးနွေး ပွဲဆိုတာလည်း ဒီလိုမတူတဲ့ သဘောတရားတွေကို ညှိနှိုင်း ပြီးတော့ ကျော်လွှားဖို့ပဲ။ ဒါပေမဲ့ ခက်တာက အစိုးရပိုင်းကလည်း ဒီခြောက်ပွင့်ဆိုင်ကို လုပ်ချင်တဲ့ ပုံစံမှာ မရှိဘူး။ တုံ့တုံ့နှေးနှေးနဲ့ နောက်တစ်ခါ အစည်းအဝေးဘယ်တော့ ခေါ်မှာလဲဆိုတာ အခု ထက်ထိ အရိပ်အယောင် မပြသေးဘူး”တဲ့။

ဂလိုကြီး ပြောရပြန်တော့ မောင်မှန် စိတ်ဆင်းရဲရပြန်ရော၊ အဖွဲ့ချုပ်က စဉ်းစားထားတာရှိတယ် ဆိုပေမဲ့ လွှတ်တော်ထဲမှာ မပြင်ချင် တဲ့အပိုင်းကလည်းရှိ၊ ထပ်ပြီး ခြောက်ပွင့်ဆိုင်စီ၊ မဆိုင်စီ ဆိုတာ ကလည်း မျှော်သာမျှော်သည် မယုံကြည်၊ ရင်မှာဝေဒနာ အပွင့် အခက် အဝါအနီ ဖြစ်နေပြန်လေတော့ မောင်မှန်တို့ ပြည်သူတွေအတွက် စဉ်းစားထားတယ်ဆိုတဲ့လမ်းဟာ ဘုရားမှာစနေထောင့် ပန်းလှူ မယ်ဆိုတဲ့ ဂန္ဓာရီယတြာလမ်းများလား မသိပါဘူး။

ဒီစကားတွေအကြားမှာ မောင်မှန်တို့ဟာ ချားရဟတ်ကြီး စီးနေရသလိုပါ။ စိတ်ဓာတ်တွေ တက်လိုက် ကျလိုက်၊နိမ့်လိုက် မြင့်လိုက် နဲ့အသည်းတထိတ်ထိတ် ရင်တဖိုဖိုပေါ့ ခင်ဗျာ။ နောက်ပြီး ချားရဟတ်ဆိုတာမျိုးဟာ ဘယ်လောက်လည်လည် ဘယ်မှမရောက်ဘဲ ဒီနား ဒီနားပဲ ပြန်ရောက်နေ တာပါ။ လည်တော့ လည်တယ် တစ်ပတ်မပြည့်ဘူး မဟုတ်ဘူးခင်ဗျ။ လည်တော့လည်တယ်၊ ဘယ်မှ မရောက်တာ။

ညစ်နေတုန်းမှာပဲ ၉၀ရွေးကောက်ပွဲ ငွေရတု အခါသမယကြီးက ရောက်ရှိလာပြန်ပါရော၊ ၂၀၁၅ ခုနှစ်၊ မေလ (၂၇)ရက်နေ့ အခါသမယကြီးမှာ NLD နဲ့ ရှစ်ဆယ်ရှစ်တို့ရဲ့ ပူးတွဲကြေညာချက် နဲ့သတင်းစာ ရှင်းလင်းပွဲကြီး လုပ်မယ် ဆိုပြန်တော့ မျှော်ရပြန် တာပေါ့။ ဗမာပြည်ကြီး ကယ်တင်ခံရလု နီးပြီးလောပေါ့၊ ကြေညာချက်ကြီး ထွက်လာတော့လည်း တိမ်ကြားမင်းခေါင်၊တိမ်ကြား မင်းခေါင်နဲ့ အဲ၊ တိမ်ကြားမင်းခေါင်ပဲပေါ့။ (ဒီကြေညာချက်ကိစ္စ သပ်သပ်ရေးပါဦးမယ်၊ ဤကား ကြော်ငြာဝင်ခြင်း တည်း။)

အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ NLD ရွေးကောက်ပွဲဝင်၊ မဝင်ကိစ္စ သတင်းထောက်တစ်ဦးရဲ့ အမေးကို NLD ဦးဝင်းထိန် ပြန်ဖြေ တာက“ ဒေါ်အောင်ဆန်းစုကြည် ပြောတာကသပိတ်မှောက်ခြင်း ဟာရွေးကောက်ပွဲအတွက်ရွေးချယ်ထိုက်တဲ့ အချက်တစ်ချက်ဖြစ် တယ်။ သပိတ်မှောက်မယ်၊ မမှောက်ဘူးလို့ လုံးဝပြောတာ မဟုတ်ဘူး။….ရွေးကောက်ပွဲကော်မရှင် ကဘယ်နေ့ လုပ်ပါတယ် ဆိုပြီး တရားဝင် မကြေညာသေးဘူး။ ကြေညာပြီဆိုရင် ကျွန်တော်တို့ အပေါ်က ပုဂ္ဂိုလ်တွေ၊ ကျွန်တော်တို့ တွေ တိုင်ပင်ပြီးတော့ မှရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူးဆိုတာ တရားဝင် ကြေညာမယ်။ အခု မပြော သေးဘူး” တဲ့။

၂၀၁၂ ခုနှစ်၊ NLD ကြားဖြတ် ရွေးကောက်ပွဲ နိုင်အပြီး လွှတ်တော်ထဲ မဝင်ခင် ကျမ်းသစ္စာ ကျိန်ဆိုဖို့ ပြင်ဆင်တဲ့ ကာလကို ပြေးအမှတ်ရမိသေးတယ်။ စကားလုံး အငြင်းပွားကြတာလေ၊ နောက်တော့လည်း ဒီလိုပါပဲ၊ ခုလည်း ဝင်၊ မဝင် မပြောနိုင်သေးဘူးတဲ့။ ခုံသမာဓိမင်းများက ဘယ်နေ့ လုပ်မယ်ဆိုမှ ကိုယ်တွေကလည်း ရက်(စ်) အော် နိုး (Yes on No) ပြောမှာတဲ့ ခင်ဗျာ။

ရွေးကောက်ပွဲက မျက်နှာနားကပ်နေပါပြီ၊ (တို့နားကပ်နေပြီလို့ မရေးချင်လို့ပါ။) ကိုယ်ဘာလုပ် မယ်ဆိုတာ ကိုယ်အသိဆုံးပါ။ ခိုင်ခိုင်မာမာရွေးချယ်ပြီးသားလည်း ဖြစ်မှာပါ။ မောင်မှန်တ့ို ငယ်ငယ် ဂျင်ပေါက်ကစားကြတဲ့အခါ ဝင်စို့၊ ထွက်စို့ ခေါ်တယ်ဆိုတာ ရှိပါတယ်။ ကလေးတွေ ကစားပွဲဆိုတော့ ဘယ်နှခါ ဝင်စို့၊ ထွက်စို့ ခေါ်ခေါ် ပြဿနာ မရှိပါဘူး။ ဘာမှလည်း မဖြစ်ပါဘူး။ လူကြီးတွေ ကစားပွဲကျ ဝင်စို့၊ ထွက်စို့ ခဏခဏခေါ်ခြင်းဟာ…..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly