“ပန်ဆန်း ထုတ်ပြန်ချက် ဘာတွေ ထူးခြားသလဲ”

“ပန်ဆန်း ထုတ်ပြန်ချက် ဘာတွေ ထူးခြားသလဲ”

တိုင်းရင်းသား လက်နက်ကိုင် (၁၂) ဖွဲ့ ခေါင်းဆောင်တွေရဲ့ ဝ ဒေသ ပန်ဆန်း (ပန်ခမ်း) က ထိပ်သီးအစည်းအဝေးပွဲ ပြီးဆုံးသွားခဲ့ပါပြီး။ တိုက်တိုက်ဆိုင်ဆိုင် အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် မှာလည်း အချက် (၁၂) ချက် ပါဝင်ပါတယ်။ ကြေညာချက်မှာ ဘယ်လို အချက်တွေ ဖော်ပြထားသလဲ၊ ဘာအဓိပ္ပါယ် ဆောင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

၀ ဒေသမှာလုပ်တဲ့ အဲဒီ အစည်းအဝေးကို မေလ ၁ ရက်ကနေ ၆ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့က ခေါင်းဆောင်တွေနဲ့ လေ့လာသူ ၆၅ ယောက် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့တွေထဲမှာ မြန်မာပြည်က အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့တွေလို့ ပြောနိုင်တဲ့ ဝ တပ်ဖွဲ့၊ ကေအိုင်အေ ကချင်တပ်ဖွဲ့၊ ကေအဲန်ယူ ကရင်တပ်ဖွဲ့၊ SSA ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့ စတာတွေ ပါဝင်ခဲ့တဲ့အတွက် အရေးကြီးတဲ့ အစည်းအဝေး တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

အစည်းအဝေးအကြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါတဲ့ အရေးအကြီးဆုံး အချက်ကတော့ “နံပါတ် (၂) ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေး နည်းအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရန်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ဦးစွာလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ထိုသဘောတူ စာချုပ် ချုပ်ဆိုရာတွင် လက်ရှိ အပစ်အခတ် မရပ်စဲနိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ တန်းတူရည်တူ ပါဝင်သင့်ကြောင်း ခံယူသည်” ဆိုတာပဲ ဖြစ်ပါတယ်။

ကောင်းတဲ့ဘက်က ကြည့်ရင်တော့ ဒါဟာ အစိုးရဘက်က တလျှောက်လုံး ကိုင်စွဲထားတဲ့ အပစ်အခတ် အရင်ရပ်မယ်၊ ပြီးမှ နိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ မူကို အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အုပ်စု အားလုံးက လက်ခံလိုက်တဲ့ သဘောဖြစ်လို့ပါပဲ။ ပြောရရင် အစိုးရက ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက် သွားနိုင်တယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် အစိုးရဘက်နဲ့ မတူညီတဲ့ အချက်ကတော့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရင် ဟိုအဖွဲ့ချန်ထား ဒီအဖွဲ့ မပါနဲ့ ဆိုတာမျိုးကိုတော့ လက်မခံဘူးဆိုတဲ့ အဓိပ္ပာယ်လည်း ရပါတယ်။ အဓိက ကတော့ အစိုးရနဲ့ တပ်မတော်ဘက်က အသိအမှတ်မပြုတဲ့ ကိုးကန့် တပ်ဖွဲ့နဲ့ ရခိုင်တပ်ဖွဲ့ AA လိုမျိုးကို ရည်ညွှန်းပုံ ရပါတယ်။

ဒုတိယ အရေးကြီးတဲ့ အချက်ကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့၊ တပ်မတော်ကနေ ကိုးကန့်၊ ကချင်၊ တအာင်းပလောင်၊ ရခိုင် တပ်ဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆိုတာပဲ ဖြစ်ပါတယ်။ ဒါတင်မက စစ်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသတွေမှာ မြန်မာ့တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ စွပ်စွဲလိုက်ပြီး အဲဒါကို ပြင်းထန်စွာ ရှုတ်ချတဲ့အကြောင်း၊ နောင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေ မဖြစ်အောင် ထိန်းချုပ်ပေးဖို့ ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။ 

တတိယ အရေးကြီးအချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပေးဖို့၊ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အာမခံချက် အပြည့်အ၀ ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့လည်း တညီတညွတ်တည်း တောင်းဆိုသည် ဆိုပြီး ဖော်ပြပါရှိပါတယ်။ ဒီအချက်ဟာ ထူးခြားချက် ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့၊ လွှတ်တော် ဘက်ကတော့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ၊ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာတွေကို စကားလုံးအရ လက်ခံထားပြီး ဖြစ်ပေမယ့် ဖွဲ့စည်းပုံ ပြင်ပေးရမယ့် ကိစ္စကိုတော့ နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေ အောင်မြင် ပြီးမြောက် သဘောတူညီချက် ရမှ အဲဒီ သဘောတူညီချက်အတိုင်း ပြင်ဖို့ ပြောဆိုထားပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုချက်မှာတော့ ဖွဲ့စည်းပုံ ပြင်ပေးဖို့ ပြောပေမယ့် ဘယ်အချိန် ပြင်ပေးရမယ် ဆိုတာမျိုးတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံကို အသစ်ပြန်လည် ရေးဆွဲရမယ်လို့ မပြောဆိုတာ ထူးခြားသလို၊ ဖွဲ့စည်းပုံပြင်ရေးကို အတိအလင်း တောင်းဆိုလာတာကလည်း ထူးခြားနေပါတယ်။

စတုတ္တ အရေးကြီး အချက်ကတော့ ၀ ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့၊ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေက ထောက်ခံမှုပေးဖို့ ကိစ္စပါ။ ထုတ်ပြန်ချက် နံပါတ် ၁၁ မှာ “ဤထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသော၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အများစုက ၀ အမျိုးသား ပြည်နယ်အဆင့် တောင်းဆိုခြင်းအပေါ် နားလည် ထောက်ခံကြပါသည်” ဆိုပြီး ဖော်ပြထားပါတယ်။

ဘယ်အဖွဲ့တွေက ထောက်ခံတယ်၊ ဘယ်အဖွဲ့တွေက သဘောမတူဘူး၊ ဘယ်အဖွဲ့တွေက သဘောထား မပေးဘူး စသဖြင့် ရှင်းရှင်းလင်းလင်း မသိရတဲ့အတွက် နောင်ဆက်ဆွေးနွေးရမယ့် ကိစ္စ တစ်ခုအနေနဲ့ပဲ ကျန်ရစ်တာ ဖြစ်ပါတယ်။

စတုတ္ထ အရေးကြီးတဲ့ အချက်ကတော့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါတဲ့ ကိုယ်စားလှယ် အဖွဲ့သစ် တစ်ခုဖွဲ့မယ်ဆိုတဲ့ အချက်ပါ။ ထုတ်ပြန်ချက် နံပါတ် ၁၀ မှာ “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်း၍ တိုင်းရင်းသား အခွင့်အရေးများ တရားဝင် ရရှိနိုင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သဘောတူညီချက် ရရှိပါသည်” ဆိုပြီး ဖော်ပြထားပါတယ်။

လက်ရှိအချိန် အစိုးရနဲ့ စကားပြော ညှိနှိုင်း အပေးအယူ လုပ်နေတာ NCCT အဖွဲ့ ရှိပါတယ်။ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ရအောင် ညှိနှိုင်းနေတာပါ။ ကေအိုင်အို ဦးဆောင်ပြီး လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ဆိုတာ ရှိပါတယ်။ အစိုးရက ဆွေးနွေးဘက် အဖြစ် မသတ်မှတ်ထားပါဘူး။ အဲဒီ နှစ်ဖွဲ့စလုံးမှာ ၀ တပ်ဖွဲ့က မပါဝင်ပါဘူး။ ဒါကြောင့် အခု ဖွဲ့စည်းမယ့် အဖွဲ့သစ်ဟာ ၀ တပ်ဖွဲ့ ပါဝင်မယ့် အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် ဘယ်လောက်ပါမယ်၊ လက်နက်ကိုင် တိုင်းရင်းသား အားလုံးကို စုစည်းနိုင် မစုစည်းနိုင်၊ အစိုးရ ဘက်ကရော အသိအမှတ်ပြု လက်ခံဆွေးနွေးမလား၊ မဆွေးနွေးဘူးလား မသိနိုင်သေးပါဘူး။

စောင့်ကြည့်ရဦးမယ့် အခြေအနေပါ။ ပြောရရင် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပန်ဆန်း အစည်းအဝေးဟာ အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ စုစည်းညီညွတ်မှုကို ပြလိုက်တဲ့ အစည်းအဝေး တစ်ခုဖြစ်ခဲ့ပါတယ်။

အစိုးရဘက်က အကောင်အထည် ဖော်နေတဲ့ အရင်အပစ်ရပ်၊ နောက်မှ နိုင်ငံရေး ဆွေးနွေးဆိုတာကို လက်ခံတယ် ဆိုတာကလွဲရင် အခြားဝေဖန်ထောက်ပြမှု များစွာ၊ တောင်းဆိုချက်များစွာ ထုတ်ပြန်ခဲ့တဲ့ အစည်းအဝေးလည်း ဖြစ်တာကြောင့် အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့  ငြိမ်းချမ်းရေး အပြည့်အ၀ ရဖို့ ကိစ္စကို အသာထားလို့ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အရေးကိုတောင် ခက်ခက်ခဲခဲ ကြိုးစားရတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly