အမျိုးသမီးများ ဦးဆောင်ပါ၀င်မှုနှင့် မြန်မာ့ရုပ်ရှင်

အမျိုးသမီးများ ဦးဆောင်ပါ၀င်မှုနှင့် မြန်မာ့ရုပ်ရှင်

မြန်မာ့ရုပ်ရှင် အဆင့်အတန်းဟာ ပြီးခဲ့တဲ့ တစ်ခတ်တစ်ခါကတည်းက မြင့်မြင့်မားမား ရှိခဲ့တာဖြစ်ပြီး အမျိုးသမီးသရုပ်ဆောင်၊ အမျိုးသမီး ဒါရိုက်တာတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီး သရုပ်ဆောင်တွေ အားကောင်းကောင်း ပေါ်ထွက်ခဲ့တဲ့ နှစ်တွေ ဆိုရင် အမျိုးသမီး ဇာတ်ရုပ်ကို ဦးစားပေးတဲ့ ဇာတ်လမ်းတွေ ပေါ်ထွက်လာလေ့ရှိ တယ်လို့ လည်း ဝါရင့် အနုပညာရှင်တွေက ဆိုပါတယ်။

အခုလက်ရှိမှာ မေလ ၂၉ ရက်ကနေ ဇွန်လ ၇ ရက်အထိ အမှတ်တရ နိုင်ငံတကာရုပ်ရှင် အမွေအနှစ် ပွဲတော်ကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့ပြီး ပွဲတော်က အမျိုးသမီးတွေ အတွက် ဦးတည် ကျင်းပခဲ့တဲ့ ပွဲတော် ဖြစ်ပါတယ်။ ဒီပွဲတော်မှာ မြန်မာနိုင်ငံမှာ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများကိုလည်း ပြသပေးခဲ့တာ ဖြစ်ပြီး အမျိုးသမီးများအတွက် ဦးတည်ကျင်းပပေးခဲ့တာကြောင့် အမျိုးသမီး ဒါရိုက်တာ ဒေါ်သင်းသင်းယုရဲ့နေကျောက်ခဲ ဇာတ်လမ်းကိုလည်း ပါဝင်ပြသခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲတော်မှာ တစ်ခတ်တစ်ခါက ထင်ရှားကျော် ကြားခဲ့တဲ့ ရုပ်ရုင် သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်၊ ဒေါ်ခင်သီတာထွန်းတို့လည်း တက်ရောက်ခဲ့တဲ့ အပြင် ယနေ့ခေတ် သရုပ်ဆောင် အမျိုးသမီးတွေလည်း တက်ရောက်ခဲ့ပါတယ်။  

ဒါကြောင့်မြန်မာ့ရုပ်ရှင်လောကမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍ၊ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု၊ တစ်ခတ်တစ်ခါက အမျိုးသမီးတွေ ဦးဆောင်ခဲ့မှု၊ လက်ရှိမှာ ဖြစ်နေတဲ့ အခက် အခဲ စတာတွေကို မဇ္ဈိမက ဒီပွဲတော်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး ဒါရိုက်တာ ဒေါ်သင်းသင်းယု၊ ဝါရင့်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ ဒေါ်ခင်သီတာထွန်း နဲ့မေးမြန်းထားတဲ့ ထဲက ကောက်နှုတ် တင်ပြတားပါတယ်။

ဒေါ်ဆွေဇင်ထိုက်

မေး။      ။ မြန်မာ့ ရုပ်ရှင်မှာ အမျိုးသမီးတွေ ပါဝင်မှုနည်းတာ ဘာ့ကြောင့်လို့ ထင်ပါသလဲ။

ဖြေ။      ။ မြန်မာ့ရုပ်ရှင်မှာ အမျိုးသမီးတွေ ပါဝင်မှု နည်းတာကတော့ နှစ်မျိုးမြင်ရတယ် တစ်ခုက ရေစီး ကြောင်း၊ အဲဒါ က Local Market  (ပြည်တွင်းဈေးကွက်) အတွက် ကတော့ ဒီလိုပဲ ကြိုးစား နေကြတာမျိုး၊ ဒါပေမယ့် International ကို သွားနေကြတဲ့ Documentary  Film Maker (သတင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ) တွေ Short Film Maker  (ဇာတ်လမ်းတို ရိုက်ကူး သူ) တွေထဲမှတော့ အမျိုးသမီးတွေဟာ ကောင်းတဲ့ ကားတွေကို ရိုက်ဖြစ်တာလဲ တွေ့ရ တယ်။ အဲဒီ ကဏ္ဍတွေမှာလဲ ထူးချွန် လာမယ့် အမျိုးသမီး များကိုလည်း ကျွန်မ မြင်ပါတယ်။ Next Generation   (လာမယ့် မျိုးဆက်) ကိုတော့ ကောင်းကောင်းကြီး မျှော်လင့်ပါတယ်။

မေး။      ။ ရုပ်ရှင် ဈေးကွက်မှာ အမျိုးသားတွေ (မင်းသား) ဦးဆောင်တာ များပြီး အမျိုးသမီးတွေကို ပုံဖော်တဲ့ အခါမှာ ဘယ်လိုပုံစံမျိုး ပုံဖော်ကြလဲရှင့်။  

ဖြေ။      ။ ၁၉၆၀ - ၇၀ ထိ ရိုက်လာတဲ့ ကားတွေမှာ အမျိုးသမီးများဟာ ထူးချွန်ပြီး ထက်မြတ်ပြီးတော့ စမတ် ဖြစ်တဲ့ အမျိုးသမီးတွေ ဆိုရင် ဇာတ်သိမ်းပိုင်းကျရင် ဇာတ်သိမ်းမကောင်းတာ နဲ့ သိမ်းရတာ များတယ်။ ဒီဘက်ခေတ် မှာတော့ ၈၀- ၉၀ မှာတော့ အမျိုးသမီးများ ဦးဆောင်တဲ့ ကဏ္ဍကနေ ပါလာတာလဲ တွေ့ပါတယ်။ ဇာတ်လမ်းရဲ့ သဘောတရားအရ ခွဲခြား ဆက်ဆံ တာတွေလည်း လျော့လာတာကို မြင်ရတယ်။

မေး။      ။ နိုင်ငံတကာမှာ ဆိုရင် မင်းသမီးတွေရဲ့ ကဏ္ဍကို ဘယ်လို ပုံဖော်တာမျိုး ရှိလဲ။

ဖြေ။      ။ နိုင်ငံတကာက အမျိုးသမီးတွေရဲ့ စိတ်ဓာတ်တော့ ကျွန်မတို့ထက် အမြင်ပိုကျယ်တယ်။ ပြီးတော့ strategically (မဟာဗျူဟာကျကျ)  လုပ်တတ် ကိုင်တတ်တယ်။ မဟာဗျူဟာ နေရာမျိုးကနေ မြင်တတ်ဖို့ အတွက်ကတော့ လိုပါသေးတယ်။ ကျွန်မတို့လည်း ကြိုးစားရမှာပါ။

မေး။      ။ ရုပ်ရှင်လောကမှာ မင်းသမီး ဦးဆောင်တဲ့ ဇာတ်တွေ ဖြစ်လာမယ့် အခြေအနေကရော ဘယ်လို ရှိပါသလဲ။

ဖြေ။      ။ Wave (လှိုင်း) လိုပဲ အမျိုးသားတွေ ဦးဆောင်တယ်။ နောက်တစ်ခါ အမျိုးသမီးတွေ ဦးဆောင်တယ် နောက်တစ်ခါ အစုလိုက်ကြီး ရိုက်တယ်။ အဲလိုမျိုး wave ရှိပါတယ်။ မြန်မာ့ရုပ်ရှင် နှစ် ၉၀ကျော်မှာ အဲလို wave ရှိတယ်။ အခုလောလောဆယ် မှာ အုပ်စုလိုက်ကြီး ရိုက်တဲ့ ဇာတ်တွေက ပိုကောင်း နေတာပေါ့။ တချိန်ကျရင်လည်း ဒီလိုပဲ wave ပြန်သွားမှာ ပါ။

မေး။      ။ အမျိုးသမီး ဦးဆောင်တဲ့ ဇာတ်တွေ ဖြစ်လာဖို့ကော ဘာတွေ လိုအပ်မလဲ။

ဖြေ။      ။ ဇာတ်ညွှန်းရေးတဲ့သူ ပေါ်မှာ မူတည်တယ်။ သူတို့ ဇာတ်ညွှန်း ရေးတဲ့သူများက အမျိုးသမီး ဇာတ်များကို ရေးဖို့ လိုတယ်။ အမျိုးသမီးဇာတ် ရေးထားတာကိုလည်း ရိုဂျူဆာ က ထုတ်လုပ်ပြီး ရိုက်ရဲဖို့ လိုပါတယ်။ အဲဒီ နှစ်ခု ပြည့်စုံသွားရင် အမျိုးသမီးဇာတ်တွေ ဖြစ်လာမှာပေါ့ ကျွန်မကတော့ မြင်တယ် တချိန်မှာတော့ wave တစ်ခုက ထွက်လာမှာပါ။ ကျွန်မတို့ အရှေ့မှာလည်း တစ်ခေါက် ဖြစ်ခဲ့ဖူးတယ် ။ ကျွန်မတို့ လက်ထက်မှာလည်း တစ်ခေါက် ဖြစ်ခဲ့ဖူးတယ်။ ကျွန်မတို့ရဲ့ နောက်မှာလည်း ဖြစ်ခဲ့ဖူးတယ် ဆိုတော့ နောက်တစ်ခါ Strong ဖြစ်တဲ့ အမျိုးသမီး သရုပ်ဆောင် တစ်ယောက်သာ ပေါ်လာခဲ့ရင် နောက် wave က လာအုံးမှာပါ။ ဘာလို့လဲ ဆိုတော့ အန်တီ ချိုပြုံးတို့ wave ရှိတယ်။  ကျွန်မတို့Wave ရှိတယ်။ ဒေါ်ဝါဝါ၀င်းရွှေ တို့ wave ရှိတယ်။ ကျွန်မတို့ နောက်မှာဆို မို့မို့မြင့်အောင်တို့ wave ရှိတယ်။ အဲလိုပေါ့ အမျိုးသမီးတွေက Strong ဖြစ်တဲ့ အခါကျတော့ အမျိုးသမီး ကာရိုက်တာနဲ့ ရိုက်တဲ့ဟာတွေက ပေါ်လာ တတ်ပါတယ်။

များသောအားဖြင့် ဒီလောကကြီးမှာ လွှမ်းမိုးနေတာကတော့ အမျိုးသားများသာ ဖြစ်တယ်။ အမျိုးသမီး အုပ်စုက နည်းတယ် ရုပ်ရှင်ရိုက် တစ်ခုမှာ လူ၄၀ ရှိရင် အမျိုးသမီးတွေက ၁၀ယောက် လောက်ပဲ ပါတာကိုး ဒါမျိုးကတော့ ရှိတယ် နောက် နည်းပညာပိုင်းတွေမှာလဲ အမျိုးသမီးတွေ မရှိဘူး အမျိုးသမီး ကင်မရာမန်းတို့ အမျိုးသမီး Lighting  မရှိဘူးလေ အဲလို နည်းပညာပိုင်းမှာ အမျိုးသမီးတွေ ထွက်လာရင် ကောင်းမှာပါ။

မေး။      ။ မြန်မာ့ရုပ်ရှင် လောကမှာ အမျိုးသမီး ဇာတ်တွေ ဖြစ်ဖို့ကော လိုအပ်လာပြီလား။

ဖြေ။      ။ အခုချိန်မှာ capacity building (အရင်းအမြစ် တည်ဆောက်မှု) အနေနဲ့ လုပ်လာတာပေါ့။ ၂၀၀၅ ခုနှစ်ကတည်းက work shop  (အလုပ်ရုံ ဆွေးနွေးပွဲ) တွေ လုပ်တယ်။ အပြင်က ပညာရှင်တွေ ခေါ်ပြီးတော့ Training (သင်တန်း) လုပ်တယ်။ ဒီမှာလဲ ရုပ်ရှင်ပွဲတော်တွေ လုပ်ပြီးတော့ ပွဲတွေ ကျင်းပ ပေးတယ်။ အဲလိုထဲမှာ ပါလာဖို့ အရေးကြီးတယ်။ တကယ်တော့ ကာယကံရှင် ရဲ့ အားစိုက်မှုက အရေးကြီးတယ် အမြင်ကျယ်ကျယ်နဲ့ အားစိုက်ရမှာပါ။ ကျွန်မတို့လည်း ကိုယ့်ဘာသာ ဒီလမ်းကို ရွေးချယ် ခဲ့တာ လေ။

မေး။      ။ အမျိုးသမီးတွေ အနေနဲ့ ရုပ်ရှင်လောကမှာ ပါဝင်လာဖို့ စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။      ။ ရုပ်ရှင်ပညာကို သင်တဲ့နည်းလေးနည်း ရှိတယ် school လို့ ခေါ်တဲ့ ကျောင်းတွေမှာ သီအိုရီ သင်ရတယ် Training လို့ ခေါ်တဲ့ သင်တန်းတွေမှာ အတွေ့အကြုံတွေ သင်ရတယ်။ မြန်မာ့ ရုပ်ရှင်ဟာ ခေတ်အဆက်ဆက်ကနေ ပြီးတော့ တပည့်လေးကို အလုပ်သင်လေး အဖြစ် မွေးပြီး သင်ပေးတဲ့ နည်းကို သုံးလာခဲ့တာ ဖြစ်တယ် ။ နောက်တစ်ခုက သူများ ဘာတွေ လုပ်နေလဲ သူများ ဘယ်လို သရုပ်ဆောင်လဲ သူများ ကင်မရာ ဘယ်လို Angle (ရှုထောင့်) ယူလဲ သူများ ဘယ်လို Plot (ဇာတ်လမ်း ၊ ဇာတ်ကွက်) တွေကို တီထွင်သွားလဲ သူများ ဘယ်လို editing (တည်းဖြတ်) လုပ်သွာလည်း ဆိုတာ ဒီလိုပဲ ရုပ်ရှင်တွေ ကြည့်ရင်း သင်သွားတာ ဒီရုပ်ရှင်ပွဲတော်ကို လာကြည့်တာ ပိုပြီး အကျိုးရှိတယ်လို့ ကျွန်မထင်တယ်။ ဒါပေမယ့် အဲလောက် ထိကို မမြင်တဲ့သူတွေက များပါတယ်။ ပင်မရေစီးကြောင်းထဲမှာ ရိုက်တဲ့သူ နည်းတယ် အခွင့်အလမ်း ကလည်း နည်းတယ်။ နောက် next Generationမှာတော့ အမျိုးသမီး ဒါရိုက်တာတွေ ပေါ်ထွက်လာမှာပါ။

ဒေါ်သင်းသင်းယု

မေး။       ။ အန်တီတို့ ခေတ်တုန်းကဆိုရင် ရုပ်ရှင်နယ်ပယ်မှာ အမျိုးသမီးတွေ ပါဝင်မှုက နည်းတယ် ပြောရမယ်။ အန်တီက  ဒါရိုက်တာ တစ်ယောက် အနေနဲ့ အောင်မြင် ခဲ့တယ်။ အဲဒါလေးကို အရင်ဆုံး ပြောပေးပါဦး အန်တီ။

ဖြေ။       ။ အောင်မြင်တာက ပြောရမယ်ဆိုရင် အန်တီကတော့ ဘုရားပေးတဲ့ကံပေါ့။ ရတနာသုံးပါး ဂုဏ်ကျေး ဇူးနဲ့ အောင်မြင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက အမျိုးသမီးတွေက သိပ်ပြီး စိတ်မဝင်စားလို့ ဖြစ်မှာပါ။ အန်တီ ထင်တာ ပြောတာပါ။ အန်တီက ပထမဆုံးက  အကယ်ဒမီ များရှင် ဒေါ်ဝါဝါ၀င်းရွှေရဲ့ ကျေးဇူးကြောင့် ရုပ်ရှင် ထုတ်လုပ် ဖြစ်ခဲ့တာပါ။

မေး။       ။ အမျိုးသမီး တစ်ယောက် အနေနဲ့ ဒီနယ်ပယ် အောင်မြင်အောင် အန်တီ ဘယ်လို ကြိုးစားခဲ့ပါသလဲ။

ဖြေ။       ။ အန်တီ့ ပင်ကိုစိတ်ဓါတ်က ဘာမဆို ကိုယ်တိုင် လက်တွေ့လုပ်တာကို ပိုအားရတယ်။ အဲဒီ စိတ်ဓါတ်မျိုးတော့ ရှိတယ်။ အဲဒါနဲ့ပဲ ရုပ်ရှင်တွေ ထုတ်လုပ်ရင်းနဲ့ ဒီနေရာမှာ ဆို ဒီစကားလေး ဆို ဘယ်လို ပြောမယ်၊ ဘယ်လို လုပ်မယ်ဆိုရင်းနဲ့ ရုပ်ရှင် ဒါရိုက်တာဖြစ်သွားတယ်။ ကံအားလျော်စွာပဲ ရတနာသုံးပါး ဂုဏ်ကျေးဇူးနဲ့ အန်တီ ရိုက်ခဲ့တဲ့ ကားတွေ အောင်မြင် ခဲ့တယ်။

မေး။       ။ အခုလက်ရှိ ရုပ်ရှင် ဈေးကွက်မှာ အမျိုးသားဦးဆောင်တဲ့ ဇာတ်တွေက ပိုများနေတာ တွေ့ရတယ်။ အဲဒီတော့ အမျိုးသမီး ဦးဆောင်တဲ့ဇာတ်ပေါ့လေ အဲဒါက နည်းနေတယ်။  နောက်ပြီး ဒါရိုက်တာ ဆိုတာလည်း အမျိုးသားပေါ့လေ။ အဲဒါမျိုးပဲ တွေ့ရတာ များတယ်။ ဘာကြောင့်လို့ အန်တီ ထင်ပါသလဲ။

ဖြေ။       ။ အဲလို ပြောလို့ မရဘူးပေါ့။ ရုပ်ရှင်မှာလည်း အမျိုးသမီး ဦးဆောင်တဲ့ဇာတ်တွေလည်း များပါတယ်။ ဒေါ်ဝါဝါ၀င်းရွှေ၊ ဒေါ်ခင်သန်းနု၊ ဒေါ်ခင်သီတာထွန်း၊ မစိုးတို့ ထွန်းအိန္ဒြာဗို တို့ပေါ့ စသဖြင့် အများကြီးပါပဲ။ ။ အန်တီတို့ဆိုလည်း အရင်တုန်းက ရိုက်ခဲ့ပါတယ်။ မို့မို့မြင့်အောင် ဦးဆောင်တဲ့ဇာတ်မျိုးပေါ့။

မေး။       ။ အန်တီ ဒါရိုက်တာ လုပ်ခဲ့တဲ့ အချိန်တုန်းကပေါ့လေ။ အမျိုးသမီး ဒါရိုက်တာ တစ်ဦး အနေနဲ့ ဘယ်လို အခက်အခဲမျိုးတွေ ရှိခဲ့ပါသလဲ။

ဖြေ။       ။ အဲဒီ အချိန်တုန်းက အခက်အခဲ ဒီလောက်ထိ မရှိခဲ့ပါဘူး။ အန်တီတို့ ရိုက်ခဲ့တဲ့ အချိန်တုန်းက စိန်ခေါ်မှုတွေ အဲဒီလောက် ရှိခဲ့တယ်လို့လည်း မခံစားရပါဘူး။ ကိုယ့်ဘာသာ မခံစားတတ်လို့ လားတော့ မသိဘူး။ အခု သူတို့ အမြဲတမ်း ပြောတဲ့ စိန်ခေါ်မှုဆိုတာ ။ ဘာကို ဆိုလိုတာလဲ။ မင်းသမီးလား၊ ရိုက်ကွင်းလားပေါ့လေ။ အန်တီတော့ သိပ် နားမလည်ဘူး။

မေး။      ။ ဒီနေ့ခေတ်မှာ အမျိုးသမီးတွေ အနေနဲ့ ရုပ်ရှင်လောကမှာ ပိုမို ပါဝင်လာဖို့ ဘာတွေ စိန်ခေါ်မှု ရှိမယ် ထင်ပါလဲ။

ဖြေ။      ။ အန်တီကတော့ရှိမယ် မထင်ပါဘူး။ အလုပ်လုပ်တယ် ဆိုတာကတော့ စိန်ခေါ်မှု ရှိတာပဲလေ။ အန်တီ တောင် အသက် ငါးဆယ်လောက်ဆို ဆက်လုပ်ဦးမှာ။ ၇၀ကျော်လာလို့ သာ နားလိုက် တာလေ။ …. အခုလည်းပဲ ကြည်ဖြူသျှင်တို့ ဘာတို့ လုပ်နေတာပဲလေ။ ဒါပေမယ့် နည်းတော့ နည်းတယ်ပေါ့လေ။ အန်တီ ထင်တယ်။ ကားတစ်ကား ရိုက်တယ်ဆိုတာ ပါဝင်ရတာ အများ ကြီးပဲ။ အကုန်လုံးကို နိုင်နင်းအောင် ဖန်တီးရတာ အများကြီးပဲလေ။ အဲဒါကြောင့် မလုပ်ချင်ကြတာလည်း ပါမယ်လေ။ … ဒါရိုက်တာ ဆိုတာ ကားတစ်ကားလုံးကို တာဝန်ယူရတဲ့အတွက် တာဝန် အရမ်းကြီးပါတယ်။ သူက King of the set လေ။

မေး။      ။ ရုပ်ရှင်လောကပေါ်မျာ ဘာများ သုံးသပ်ပြောကြားချင်ပါလဲ။

ဖြေ။      ။ အားလုံးက သူ့ဟာသူ တော်ကြတယ်ပေါ့လေ။ အန်တီလည်း စိတ်ကုန်လားဆိုရင် စိတ်မကုန်ပါဘူး။

မေး။     ။ ဒီရုပ်ရှင်ပွဲတော်ပေါ်မှာ ပါဝင်ခဲ့တဲ့ အကြောင်းလေးလည်း ပြောပေးပါဦး။

ဖြေ။     ။ အန်တီက ဂရေ့စ်ကို (ဒေါ်ဆွေဇင်ထိုက်) ကူညီတာပါ။ သူက အားလုံး စီစဉ်ရတာပေါ့လေ။ အန်တီက သူ့ကို ကူညီတာပါ။ … အန်တီ ရိုက်ထားတဲ့ ကားလေးတစ်ကား ဘယ်ကားဖြစ်ဖြစ် သူက အဖြူ၊ အမဲလေး လိုချင်တာပေါ့။ အဲဒါကို ကူညီရင်းနဲ့ပါ။

ဒေါ်ခင်သီတာထွန်း

မေး။       ။ ရုပ်ရှင်လောကမှာ အမျိုးသား ဦးဆောင်တဲ့ ဇာတ်တွေ များရတာ အန်တီ အနေနဲ့ ဘာ့ကြောင့်လို့ ထင်ပါသလဲ

ဖြေ။       ။ အမျိုးသားတွေ ဦးဆောင်တဲ့ ဇာတ်တွေ များတာက ထုံးစံပေါ့။ ထုံးစံကို ဖောက်ထွက်တဲ့ ကားကလည်း တစ်ကား မှ မရှိဘူး။ အမျိုးသမီးကြီးပဲ ဇာတ်ဆိုတာ ရှားပါတယ်။

မေး။      ။ အန်တီတို့ ခေတ်နဲ့ အခုခေတ်ဆို ဘာတွေ ကွာခြားမှုတွေ ရှိမလဲ။

ဖြေ။      ။ အန်တီကတော့ ကာရိုက်တာ အစုံ ရိုက်ခဲ့တာ။ နွဲ့တာရှားတယ်။ အန်တီကျ ဖိုက်တင် ကားတွေ ရိုက်တာများတယ်။ စရိုက်ကို အစုံရရမယ် စွယ်စုံရတဲ့ မင်းသမီး တစ်လက် ဆိုရင် ဇာတ်ကား အစအဆုံးမှာ မင်းသား အသစ်ကလေးနဲ့ တစ်ကွေ့ကွေ့မှာ ဆုံခဲ့တယ်ဆိုရင် အဲဒါ မင်းသမီးဇာတ် ဖြစ်သွားမယ်။ ဇာတ်လမ်းကို ရှာယူရမှာပေါ့။

မေး။      ။ မင်းသမီး ဇာတ်တွေ ရှားနေရတာကော ဘာ့ကြောင့်လို့ ထင်ပါသလဲ။

ဖြေ။      ။ ဘယ်လိုမှ ရွေးချယ်စရာ မရှိတော့လည်း ရှိတဲ့ဟာကို အကောင်း လုပ်ပြီးတော့ အားပေးရတာပေါ့။ ဒါမှလည်း မြန်မာ့ရုပ်ရှင်က ဆက်မှာပေါ့။ ဒီခုနှစ်မှာ ဒီမင်းသမီးပဲ ရှိတာ ဆိုတော့ ဒီမင်းသမီးကိုပဲ အားပေးရတယ် တချို့ကျတော့လည်း အိမ်ထောင်ကျပြီး ပျောက်သွားတာတို့နဲ့ လျော့သွား တယ်။

မေး။      ။ အရင်ခေတ်ကလို ဇာတ်ကားကောင်းတွေ ပေါ်ထွက်မှု နည်းလာတာကိုရော ဘယ်လို သုံးသပ်မလဲရှင်။

ဖြေ။      ။ အရင်ခေတ်တုန်းက ဗီဒီယိုတွေလည်း မရှိဘူး။ ပရိုဂျူဆာ ကိုယ်တိုင်ကိုက ဇာတ်ကားကို အရမ်း ကောင်းစေချင်တယ်။ သူ့ကားလေးကို ကောင်းအောင် ရိုက်ပေးပါလို့ ဒါရိုက်တာကို ပြောတယ် ဒါရိုက်တာ ကလည်း သေချာ ရိုက်တယ်။ မင်းသား မင်းသမီးကလည်း ဒီရုပ်ရှင် အတွက်ပဲ အားထုတ်တယ်။ အဲတော့ ဇာတ်ကား က ကြည့်လိုက်တာနဲ့ အဲဒီထဲ ရောက်သွားသလို မျော သွားတယ်။ အခုခေတ် ကျတော့ အကုန် အကျတွေက ပိုများလာတော့ မင်းသား မင်းသမီး ရိုက်ရက် မရဘူးလဲ သိရတော့ အကုန်အကျခံမှ ကျန်တော့ မယ်။ ပိုက်ဆံ ပြန်မရမှာ ကြောက်တော့ ဟာသကားတွေကိုပဲ ဖြစ်သွားတော့ ဂန္တဝင် ဇာတ်ကားတွေက မကျန်ဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly