မိခင်များနေ့တွင် ဖမ်းဆီးခံ ကျောင်းသား မိဘအချို့၏ ရင်တွင်း ခံစားချက်များ

မိခင်များနေ့တွင် ဖမ်းဆီးခံ ကျောင်းသား မိဘအချို့၏ ရင်တွင်း ခံစားချက်များ

ရန်ကုန် (မဇ္ဈိမ) ။ ။ မေလ ၁၀ ရက်သည် အမေများနေ့ဖြစ်ပြီး လက်ပံတန်း ကျောင်းသားသပိတ်ကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းကာ ကျောင်းသားများအား ဖမ်းဆီးခဲ့သည့် နှစ်လ ပြည့်သည့် နေ့လည်ဖြစ်သည်။ ကျောင်းသားသပိတ် ဖြိုခွင်းခံရသည့် နှစ်လ ပြည့် အခမ်းအနား နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (၇၉) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ နာရေးကူညီမှုအသင်းတွင် ကျင်းပခဲ့ပြီး ထိုအခမ်းအနားသို့ ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များ၏ မိဘများလည်း တက်ရောက်ခဲ့သည်။ တက်ရောက်လာသူများထဲမှ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်နှင့် ကိုကျော်ဇောခန့်တို့၏ မိခင်တို့ကို၏ ရင်တွင်း ခံစားချက်အချို့ကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားသည်။

ဒေါ်သန္တာခင် (လက်ပံတန်း ကျောင်းသား သပိတ်တွင် ဖမ်းခံထားရသည့် မဖြိုးဖြိုးအောင်၏ မိခင်)

အမေများနေ့မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေတွေ အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ထားတဲ့ ဗမာနိုင်ငံက မိခင်တွေ သောကရောက်နေတယ်၊ ကိုယ့်သားသမီး အိမ်ကို ဘယ်တော့ပြန်လာမလဲဆိုတဲ့ ခံစားချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အမေမျိုးတွေလို  မကြုံရပါစေနဲ့၊ ပညာရေး ဥပဒေကို တောင်းဆိုတဲ့ ကျောင်းသားတွေ ထောင်ထဲရောက်နေသလို့ပဲ ပညာရေး ဥပဒေကိုမတောင်းဆိုဘဲ ပညာမဲ့စွာ လမ်းဘေးမှာ အရက်သောက် ဖဲရိုက် အနဂတ်ပျောက်နေတဲ့ ပလပ်စတစ်ကောက်နေရတဲ့ ခလေးတွေ အနှိပ်ခန်း၊ KTV ရောက်နေတဲ့ မိန်မပျိုးလေးတွေ အနာဂတ် ပျောက်နေတဲ့ ကလေးတွေ မြန်မာပြည်မှာ အများဆုံးဖြစ်နေသရွှေ့ မိဘတွေက ပညာရေးကို ပိုက်ဆံအိတ်နဲ့ထမ်းပြီး သင်နေတဲ့မိဘတွေက သောကတွေ မရောက်အောင် ဒီအစိုးရကို ပပျောက်စေချင်ပြီ။ တိုင်းပြည်ကို ချစ်တဲ့အစိုးရ ပြည်သူကို ကောင်းစေချင်တဲ့ အစိုးရ မိခင်တွေကို အလေးပေးတဲ့ အစိုးရ ဖြစ်မှ တိုင်းပြည်အနဂတ်ရော ကလေးတွေရဲ့ အနာဂတ်ကော့ ပွင့်လင်းလာမယ် လို့ယူဆပါတယ်။

ဒေါ်ခင်ခင်ယု (မင်းသွေးသစ်  (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ) အတွင်းရေးမှူး၏ မိခင်)

အန်တီ့သားမှာ ဒဏ်ရာတွေရှိတယ်။ ထိရောက်တဲ့ ဆေးကုသမှုမပေးနိုင်ဘူးလေ။ အန်တီအနေနဲ့ ခလေးတွေကို ထောင်ထဲမှာ ထိရောက်တဲ့ ဆေးကုသမှု ရစေချင်တယ်။ ဗကသရဲ့အမိုင်းကအစဉ်အလာကြီးတယ်။ ဒီနေ့မှာပြောချင်တာက အစိုးရရဲ့လုပ်ရက်က ယုတ်မာရိုင်းစိုင်တယ်။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ ဒီကလေးတွေကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ နှစ်လရှိနေပြီ။ တချို့ကလေးတွေ မန္တလေးက ထွက်လာတဲ့ကလေးတွေဆို သာယာဝတီထောင်ထဲမှာ မိဘတွေ လာမတွေ့နိုင်ဘူး။ ဒီနေ့မှာတော့ အစိုးရအနေနဲ့ အမြန်ဆုံးလွှတ်ပေးစေချင်တယ်။

ဒေါ်မာမာမြင့် (ဒီမိုကရေစီပညာရေး လှုပ်ရှားမှု အဖွဲ့မှ ကျောင်းသား ကျော်ဇော်ခန့်၏ မိခင်)

သားတို့လုပ်တဲ့အလုပ်တွေက တကယ်ကို မှန်ကန်တဲ့ အလုပ်တွေ ပညာရေးကိုလည်း တောင်းဆိုမှုတွေလုပ်တာ သတ္တိရှိရှိနဲ့ အောင်မြင်မှု ရအောင်ထိလုပ်သွားအောင် တိုက်တွန်းတယ်။ ဒီနေ့ မှာ ကျောင်းသားတွေကိုတွေ့တော့ ဝမ်းလည်းနည်းတယ်။ ဝမ်းလည်းသာတယ်။  သားကိုဒီနေရာကနေ အလံမလဲဘဲ ခွတ်ဒေါင်းသွေးရဲရဲနီအောင်ပေါ့ ကိုယ်လုပ်တဲ့အလုပ်ကို ပြီးဆုံးအောင်လုပ်ပေးပါလို့ ပြောချင်တယ်။သားအတွက်လည်း ဂုဏ်ယူပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly