လေဖိအားနည်း ရပ်ဝန်း ၁၂ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး အိန္ဒိယသို့ ဝင်ရောက်နိုင်

လေဖိအားနည်း ရပ်ဝန်း ၁၂ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး အိန္ဒိယသို့ ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားရပ်ဝန်းသည် အားကောင်းလျက် ရှိပြီး ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိကာ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန် ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဇွန် ၂၀ ရက် နေ့လည်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းကာ၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ မြစ်ဝ ကျွန်းပေါ်ဒေသများ၊ တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင် လေတိုက်ခြင်း၊ လှိုင်းကြီးခြင်းများ ဖြစ်ပေါ်မည် ဖြစ်သည်။

“အခု မုန်တိုင်းအခြေအနေက လေဖိအားရပ်ဝန်းက အခု အားကောင်းနေပါတယ်။ ဒါကြောင့် မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိ သွားမယ်။ ဖြစ်ပေါ်လာတဲ့ မုန်တိုင်းငယ်က မြန်မာနိုင်ငံမှာ မဟုတ်ဘဲ အိန္ဒိယနိုင်ငံကို ရောက်သွားမှာ ဖြစ်ပါတယ်။ မုန်တိုင်းငယ် အဆင့်ရဲ့ အရှိန်ကြောင့် ကမ်းရိုးတန်း ဒေသတွေမှာ လှိုင်းကြီးတာတွေ၊ လေတိုက်နှုန်း မြင့်မားလာတာတွေ ဖြစ်ပေါ်လာနိုင် ပါတယ်” ဟု ၎င်းက ပြောသည်။

သို့ဖြစ်၍ ရခိုင်ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ တနင်္သာရီကမ်းရိုးတန်း ဒေသများတွင် နေထိုင်လျက်ရှိသည့် လှေလုပ် သားများအနေဖြင့် လှေလုပ်ငန်းများကို ခေတ္တရပ်ဆိုင်း သင့်ကြောင်းနှင့် လုပ်ဆောင်လျက်ရှိပါက သတိထား လုပ်ကိုင်ရ မည်ဖြစ်ကြောင်း ဦးလှထွန်းက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ငါးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစံအောင်ကျော်က “ကျွန်တော် တို့တွေ ကမ်းရိုးတန်းတောက်လျှောက်မှာ လုပ်ကိုင်နေတဲ့ လှေ လုပ်သားတွေကို နီးစပ်ရာကနေ တစ်ဆင့် သတိပေးထားပါတယ်။

လှေလုပ်ငန်းတွေကိုလည်း ခေတ္တခဏ ရပ်ဆိုင်းထားဖို့ပါ။ အခု ကျွန်တော်တို့ နေရာက ရာသီဥတု အခြေအနေက ပင်လယ် ဘက်ဖြစ်လို့ လေတိုက်တာ မှန်ပေမယ့် သာမန်ထက် လေတိုက်နှုန်းတွေ ပိုမြင့်လာတာကို တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး(ငြိမ်း) ဦးချစ်ကျော်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ တွင် လေဖိအားရပ်ဝန်းသည် အိန္ဒိယကမ်းခြေဘက်ကို ဦးတည်လျက် ရှိပြီး အားကောင်းသည်နှင့်အမျှ အိန္ဒိယကမ်းခြေ ကို ဖြတ်တက်သွားရန် ရှိသည်။ ကမ်းရိုးတန်း ဒေသများတွင် မိုးပိုမိုရွာသွန်းလျက်ရှိပြီး လှိုင်းထန်လာမည် ဖြစ်သည့်အတွက် ငါးဖမ်းလှေသင်္ဘောများ အနေဖြင့် ဂရုစိုက်သင့်ကြောင်း ရေးသားထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly