ရန်ကုန် ဇွန် ၂၁ ။ ။ ဒဂုံစီးတီး စီမံကိန်း လုံးဝဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှုးကြီး တင်ဝင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့က ဂတိပြုခဲ့ကြောင်း ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင် ဥိးဆောင် ဆရာတော် ဦးနေမိန္ဒက ဇွန်လ ၂၁ရက်တွင် မဇ္ဈိမကို မိန့်ကြားသည်။
"လုံးဝဖျက်သိမ်းပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ၁၅ရက်လောက်တော့ အခုလုပ်နေတဲ့ လက်ကမ်းစာစောင်၊ အခွေ ဝေတာတွေ ကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုတဲ့ အမှန်တစ်ကယ် ဘုန်းကြီးတို့က ၇ရက်တွင်း စီမံကိန်းပယ်ဖျက်တဲ့ အမိန့်ကို ထုတ်ပြန်ခိုင်းပေမယ့် သူတို့က ၁၅ရက်လောက် စောင့်ပါဆိုလို့ ၁၅ရက်ထိ စောင့်ဖို့ သဘောတူခဲ့ပါတယ်။" ဟု ဦးနေမိန္ဒက မိန့်သည်။
ဒဂုံစီးတီး စီမံကိန်း ၁ သာမက အဆိုပါ မြေပေါ်တွင် ရွှေတိဂုံစေတီတော်ကို ထိခိုက်စေသည့် စီမံကိန်း အားလုံးကို ဖျက်သိမ်းပေး ရန် ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေးကော်မတီက တောင်းဆိုခဲ့သည်ဟု ဆက်လက် မိန့်သည်။
စီမံကိန်းဖျက်သိမ်းရေးနှင့် ပက်သက်ပြီး တွေ့ဆုံ ဂတိပြုခဲ့သည်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးကော်မတီ ၏ ပြောဆို ချက်ကို မေးမြန်းရန် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာ အလုပ်မအားသဖြင့် ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပေ။
ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (တွေ့ဆုံညှိနှိုင်း သဘောတူညီမှု အထူးကြေညာချက်)
ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ ဇွန်လ(၂၀)ရက်။ စာအမှတ်။ ၂/ရတဂ(အထူး)-၂၀၁၅
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ (နယ်-လုံ ဝန်ကြီး) ဗိုလ်မှူးကြီး တင်ဝင်း တို့နှင့် ဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးဝီရသူ ဦးဆောင်သည့် ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ယနေ့ညနေ (၅း၃၀)နာရီ အချိန်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၌ တွေ့ဆုံညှိနှိုင်းကြစဉ်
၁။ Dagon City 1 စီမံကိန်းကို လုံးဝဖျက်သိမ်းမည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအရ စာရွက်စာတမ်း အဆင့်ဆင့်တင်ပြ ၍ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဗိုလ်မှူးကြီးနှင့် ဗိုလ်ချုပ်တို့က တာဝန်ယူ၍ လျှောက်ထားခြင်းဖြစ်ကြောင်း တင်ပြကြသည်။
၂။ သမ္မတထံမှ ဖျက်သိမ်းကြောင်း သက်သေခံအဖြစ် ကြေညာချက်စသည်တစ်ခုခု ထုတ်ပြန်ပေးခြင်းမရှိသေး၍ စောင့်ကြည့် ကာလအဖြစ် (၁၅)ရက် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ (၁၅)ရက်အတွင်း ပန်းဖလက်ဝေမှု၊ ကောက်ခံရရှိလက်မှတ်များကို သက်ဆိုင်ရာသို့တင်ပြကန့်ကွက်မှု အစရှိသည့် လှုပ်ရှားမှုများရပ်ဆိုင်းရမည်ဖြစ်ကြောင်း တင်ပြကြသည်။
၃။ အထက်ပါအချက်နှစ်ချက်ကို သံဃာတော်(၉)ပါးနှင့် လူပုဂ္ဂိုလ်(၂၀)ကျော်တို့၏ မျက်မှောက်၌ နှစ်ဖက်နားထောင်ပြီး သဘောတူညီမှုရရှိကြပါသည်။
" ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့"