ဒုတိယအသုတ် တွေ့ရှိသည့် လှေစီးပြေး ရ၃၃ဦးတွင် မြန်မာနိုင်ငံဖက်မှ ဘင်္ဂါလီ ၁၈၇ဦး ပါ၀င်

ဒုတိယအသုတ် တွေ့ရှိသည့် လှေစီးပြေး ရ၃၃ဦးတွင် မြန်မာနိုင်ငံဖက်မှ ဘင်္ဂါလီ ၁၈၇ဦး ပါ၀င်
ဓာတ်ပုံ - အီးပီအေ
 

ရန်ကုန် ဇွန် ၂၁ ။       ။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အတွင်း မေလ ၂၉ရက်တွင် တွေ့ရှိသည့် လှေစီးပြေးသူ ၇၃၃ဦးတွင် မြန်မာနိုင်ငံဖက်မှ  ၁၈၇ဦး ပါဝင်သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေး ဦးစီးဌာနမှုး ဦးခင်စိုးက ဇွန်လ ၂၁ရက်တွင် မဇ္ဈိမကိုပြောသည်။

"ဒုတိယအသုတ်ထဲက ၅၄၆ဦးက ဘင်္ဂလားဒေ့ရှ်က၊ ၁၈၇ဦးကတော့ မြန်မာနိုင်ငံဖက်မှာ နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ သူတို့ပြောတဲ့ နယ်တွေက ထွေအုပ်တွေကို ရှိတဲ့အထောက်အထား၊ အိမ်ထောင်စုစာရင်း၊ ဆွေမျိုးမိဘ၊ ဒါတွေနဲ့ တိုက်ဆိုင်ပြီး အတည်ပြုခဲ့တာ" ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံဖက်မှ ပါဝင်သူဟု စိစစ်တွေ့ရှိခဲ့သည့် ၁၈၇ဦးတွင် မောင်တောမှ ၁၂၂ဦး ၊ ဘူးသီးတောင်မှ ၂၅ဦး၊ စစ်တွေဒုက္ခသည် စခန်းမှ ၅ဦး နှင့် ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ မင်းပြား၊ တောင်ပြို၊ လက်ဝဲ၊ မြောက်ဦး အစရှိသည့် မြို့နယ်အသီးသီး တွင် နေထိုင်သူများ ဖြစ်သည်။

မောင်တောမှ ဘင်္ဂါလီများ မှလွဲ၍ ကျန်သူများကို ဇွန်လ ၂၀ရက်တွင် ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ် သည်ဟု ပြည်နယ် လဝက မှသိရသည်။

ကျန်ရှိနေသည့် မောင်တောမှ ၁၂၂ဦးကို ဇွန်လ ၂၁ရက်တွင် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် ဖက်မှ ၅၄၆ဦးကို အမြန်ဆုံးလွဲပြောင်းနိုင်ရေးအတွက် စစ်တွေရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အသိပေးထားပြီးဖြစ်သည်ဟု ပြည်နယ် လဝကမှုး ဦးခင်စိုးကပြောသည်။

မေလ ၂၁ရက် ရခိုင်ကမ်းရိုးတမ်း မြန်မာ့ပင်လယ် ရေပိုင်နက်တွင် တွေ့ရှိခဲ့သည့် ၂၀၈ဦးမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ဦးကို  ဇွန်လ ၈ရက်တွင် ၁၅၀ဦးနှင့် ဇွန်လ ၁၉ရက်တွင် ၃၇ဦး စုစုပေါင်း ၁၈၇ကို ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ၁၈ဦးသာ ကျန်ရှိနေသည်။

"ကျန်သူအားလုံးက ဘင်္ဂလားဒေ့ရှ် ဖက်က သူတို့တွေကို အကုန်လုံးလည်း အတည်ပြုပြီးသွားပြီး သူတို့ကို အမြန်ဆုံပြန်ဖို့ အတွက် ပြည်ထောင်စုအဆင့်ကလည်း သံတမန်နည်းအရ လုပ်နေတယ်" ဟု ဦးခင်စိုးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သည့် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီအရေအတွက် ၁ ဒဿမ ၀၅ သန်း ထိရှိပြီး ၎င်းတို့၏ အများစုက ယာယီနိုင်ငံသားကဒ်ပြား(ဝှိုက်ကဒ်) ကိုင်ဆောင်သူများဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly