အယ်ဒီတာ ၁၇ ဦး တရားစွဲဆိုခံထားရခြင်းကို ဥပဒေကြောင်းအရခုခံဖြေရှင်းရန် ပြင်ဆင်ထားဟု Eleven အယ်ဒီတာချုပ်ဆို

အယ်ဒီတာ ၁၇ ဦး တရားစွဲဆိုခံထားရခြင်းကို ဥပဒေကြောင်းအရခုခံဖြေရှင်းရန် ပြင်ဆင်ထားဟု Eleven အယ်ဒီတာချုပ်ဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ The Daily Eleven နေ့စဉ်သတင်းစာမှ အယ်ဒီတာချုပ်အပါအဝင်အယ်ဒီတာအဖွဲ့ဝင် ၁၇ ဦးတို့ကို တရားစွဲ ဆိုထားမှုအပေါ်ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရန်အတွက် ပြင်ဆင်ထားသည်ဟု အဆိုပါသတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက ဇွန် ၂၀ ရက်ကပြောသည်။

ဇွန် ၂၀ ရက်၊ မွန်းလွဲ ၁ နာရီက၊ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ Novotel ဟိုတယ်တွင်ကျင်းပခဲ့သည့် The Daily Eleven သတင်းစာမှ အယ်ဒီတာ၁၇ ဦးအားပြန်ကြားရေးဝန်ကြီးဌာနမှ ထပ်ဆင့်တရားစွဲဆိုထားမှုနှင့် ရွေးကောက်ပွဲနီးချိန်တွင် မီဒီယာများဖိနှိပ်ခံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြု လုပ်ရာတွင် ၎င်းက ဆိုခြင်းဖြစ်သည်။

The Daily Eleven နေ့စဉ်သတင်း  စာ၏အယ်ဒီတာချုပ် ဦးဝေဖြိုးက" ကျွန်တော့်တို့အရင်တုန်းကလဲ တရားစွဲဆိုခံရဖူးပါတယ်၊ အခုလဲဒီတရားစွဲ   ဆိုခံရမှုနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ တုန့်ပြန်ဖြေရှင်း သွားဖို့ရှိပါတယ်၊   ပြင်ဆင်ထားမှုတွေလဲရှိပါတယ်။ " ဟု ပြောသည်။

၂၀၁၅၊ မတ် ၂၁ ရက်နေ့ထုတ်  The Daily Eleven နေ့စဉ်သတင်းစာတွင်ပါဝင်ခဲ့သည့် " The Daily Eleven နှင့် Weekly Eleven News Journal တို့ အား ပြန်ကြားရေးဝန်ကြီးဌာနကတရားစွဲဆိုသောအမှုအတွက် တရားလိုပြ သက်သေကိုစတင်စစ်ဆေး၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ၂၀၀၉ ခုနှစ်က ဈေးနှုန်းယူရို ၇ သိန်းဖြင့်ပုံနှိပ်စက်ဝယ်ယူခဲ့သည်မှာ မှန်ကန်ကြောင်းတရား လို ဦးကျော်စိုးဝန်ခံထွက်ဆိုထား " ဟူသည့် သတင်းအတွက် တရားစွဲဆိုခံ ရခြင်းဖြစ်ကာ ယင်းသတင်းတွင် ပါဝင်သော အချက်အလက်များနှင့် ပတ်သက်ပြီး တရားစွဲဆိုခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် သိရသည်။

အဆိုပါသတင်းဖော်ပြပါဝင်ခဲ့မှုအတွက် The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ်ဦးဝေဖြိုး၊ သတင်းထောက်ချုပ် ဦးမာန်သူရှိန်အပါအဝင် အယ်ဒီတာအဖွဲ့ဝင် ၁၇ ဦးတို့ကိုပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာ နယ်ဇင်းလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုပြုပြီး တရားရုံးမထီမဲ့မြင်မှုဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ လျှောက်တင်ခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးက " အမှုအတွက်ဇွန် ၁၉ ရက်က ကျွန်တော်ရှေ့နေပါဝါ တင်ပြီးသွားပါပြီ၊ နောက်ပြီးတရားစွဲခံထားရတဲ့ ဦးမြတ်သစ်ကိုလဲ မှားယွင်းစွာတရားစွဲဆိုထားပါတယ်၊ အမှုနဲ့ပတ်သက်ပြီးခုခံချေပစရာ အချက်အလက်တွေရှိပါတယ်။ " ဟုပြောသည်။

ယခု အယ်ဒီတာ ၁၇ ဦး တရားစွဲဆိုခံရသည့် သတင်းသည်  ပြန်ကြားရေး ဝန်ကြီးရေးဌာန၏ ပုံနှိပ်စက် ဝယ်ယူရေး ကိစ္စနှင့် ပတ်သက်ပြီး အမှု ရင်ဆိုင်နေရသည့် ရုံးချိန်းနှင့် ပတ်သက်၍ ရေးသားခြင်းဖြစ်ကာ အဆိုပါ ပုံနှိပ်စက် ဝယ်ယူရေးနှင့် ပတ်သက်ပြီး The Daily Eleven နှင့် Weekly Eleven News Journal ၏ အမှုဆောင် အရာရှိချုပ်  ဒေါက် တာသန်း ထွဋ်အောင်၊ အယ်ဒီတာချုပ်ဦးဝေဖြိုးအပါအဝင် ၅ ဦးကို ပုဒ်မ ၅၀၀ ဖြင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တရားရုံး တွင် ဦးကျော်စိုးကပင်တရားလို ပြု၍  တရားစွဲဆိုထားကာ ယင်း အမှုကိုလက်ရှိ ရင်ဆိုင်နေရဆဲဖြစ်နေသည်။

အစိုးရသစ်လက်ထက်တွင် ဂျာနယ်လစ် ၄၇ ဦးတရားစွဲခံရပြီး ၁၄ ဦးထောင် ကျခဲ့ခြင်း၊ ပုဒ်မ ၅၀၀ ကဲ့သို့ဒဏ်ငွေ ချမှတ်ရုံဖြင့်ပြီးပြတ်နိုင်သည့်အမှုကို ထောင်ဒဏ်ချမှတ်ခြင်းများသည် မီဒီယာများကိုရည်ရွယ်ချက်ဖြင့် ဖိနှိပ်လာ ခြင်းဟုသံသယဝင်စေသည်ဟု The Daily Eleven သတင်းစာ၏အယ်ဒီတာ ချုပ်ဦးဝေဖြိုးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly