အမြတ်ထုတ်အစိုးရဟု ဝေဖန်သည့် အတိုက်အခံအမတ် သတိပေးခံရ

အမြတ်ထုတ်အစိုးရဟု ဝေဖန်သည့် အတိုက်အခံအမတ် သတိပေးခံရ
အစိုးရကို ဝေဖန်၍ ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ၏ သတိပေးခြင်းခံရသည့် ဗဟန်းမဲဆန္ဒနယ် လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ- သက်ကို)

ရန်ကုန်၊ ဇွန် ၁၉  ။     ။ နှစ်ရှည်စီမံကိန်းများကို အကောင်အထည်ဖော်ရန် ဆန္ဒရှိနေသည့် ရန်ကုန်တိုင်းအစိုးရအား ဝေဖန်သည့် အတိုက်အခံအမတ်ကို ဇွန် ၁၉ရက် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက သတိပေးသည်။

အစိုးရသက်တမ်း လပိုင်းသာလိုတော့သည့် ရန်ကုန်တိုင်းအစိုးရအနေဖြင့် လာမည့် ၂၀၄၀ခုနှစ်အထိ အကောင်အထည်ဖော်မည့် စီမံကိန်းများကို လွှတ်တော်၏ ခွင့်ပြုချက်တောင်းခံခြင်းသည် "အစိုးရက လက်ဦးမှုရပြီးတော့ ဘာတွေများ အမြတ်ထုတ်ချင်လို့ လွှတ်တော်ကို တင်လာတာလဲဆိုတဲ့ ပြည်သူလူထုရဲ့ ကြီးမားတဲ့ စိုးရိမ်မှုလည်း ရှိပါတယ်" ဟု ဆွေးနွေးခဲ့သည့် ဒေါက်တာညိုညို သင်းအား သတိပေးခဲ့ခြင်းဖြစ်သည်။

အထက်ပါအတိုင်း ဆွေးနွေးစဉ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးဘဲလ်ကို ချက်ချင်းတီးကာ " ဘာအမြတ်ထုတ်ချင် လဲဆိုတဲ့ စကားလုံး ခင်ဗျားသုံးဖို့ မသင့်ဘူး။ တိကျတဲ့စကားလုံးကိုပဲ သုံးပြီးတော့ လုပ်ပါ။ ဒီစကားလုံးကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ ဆုံးဖြတ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

မြေဧကပေါင်း တစ်သိန်းကျော်ပေါ်တွင် ကျပ်ဘီလီယံပေါင်း ရှစ်ထောင်ကျော်(၁ဘီလီယံလျှင် ကျပ်သန်းတစ်ထောင်)ကုန်ကျမည့် မြို့သစ် ၇ခု တည်ဆောက်ရန်ပါဝင်သော ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ "မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း(၂၀၄၀)" ကို ဆွေးနွေးစဉ် သတိပေးခံရခြင်းဖြစ်သည်။

ထို့ပြင် ပြည်သူလူထုကို ကိုယ်စားပြုပြီး အဆိုပါ စီမံကိန်းအပေါ် ထောက်ပြဆွေးနွေးရသည်ဟု ဒေါက်တာညိုညိုသင်း၏ ဆွေးနွေးမှုကိုလည်း ဦးစိန်တင်ဝင်းက "ခင်ဗျားဟာ ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)ကိုပဲ ကိုယ်စားပြုတဲ့လူဖြစ်ပါတယ်။ အဲ့တော့ အကုန်လုံးရဲ့ လူထုကိုယ်စားဆိုတဲ့ စကားလုံး ကိုလည်း မသုံးဖို့ သတိပေးပါတယ်" ဟု ထပ်ဆင့် သတိပေးသည်။

ယင်းနောက် အဆိုပါစီမံကိန်းကို လွှတ်တော်တွင် လျှို့ဝှက်ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ မဲခွဲမှုရလာဒ်အဖြစ် ထောက်ခံမဲ ၁၁၃၊ ကန့်ကွက်မဲ ၂၊ ပယ်မဲ ၁ ဖြစ်သည့်အတွက် စီမံကိန်းကိုအတည်ပြုလိုက်ပြီး ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် ဒသမပုံမှန် အစည်းအဝေးကို ရပ်နားလိုက်သည်။

"ဘာအမြတ်ထုတ်စရာများရှိနေလို့ ဒီစီမံကိန်းကို ကိုးလပဲကျန်တော့တဲ့ အစိုးရက အလောတကြီးလုပ်ရတာလဲလို့မေးတာကို ဥက္ကဋ္ဌကြီးက လွှတ်တော်မှတ်တမ်းထဲမှာ မထည့်ချင်ဘူးလေ။ ဒါ အန်တီ့ရဲ့စိုးရိမ်မှုကို မေးတာပါ" ဟု လွှတ်တော်အစည်းအဝေး အပြီး ဒေါက်တာညိုညိုသင်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly