ဖားကန့် ရဲကင်းနှစ်ခုတွင် ဗုံးပေါက်ကွဲကာ အရာရှိ နှစ်ဦးနှင့် ရဲဘော်တစ်ဦး ဒဏ်ရာရ

ဖားကန့် ရဲကင်းနှစ်ခုတွင် ဗုံးပေါက်ကွဲကာ အရာရှိ နှစ်ဦးနှင့် ရဲဘော်တစ်ဦး ဒဏ်ရာရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ ရဲတပ်ဖွဲ့များ၏ ရဲကင်းများတွင် ဗုံးပေါက်ကွဲမှု နှစ်နေရာဖြစ်ခဲ့ပြီး ရဲအရာရှိ နှစ်ဦးနှင့် ရဲဘော်တစ်ဦး စုစုပေါင်း သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၁၇ ရက် ညပိုင်းတွင် လုံးခင်း ဆိတ်မူကျေးရွာအုပ်စု နတ်မော်ကျေးရွာရှိ အစိုးရ လုံခြုံရေးစခန်းနှင့် ဥရုချောင်း တံတားထိပ်အနီးရှိ လုံခြုံရေးစခန်းတို့တွင် လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံရ သဖြင့် ဒု-ရဲမှူးတစ်ဦး၊တပ်မတော် ဗိုလ်ကြီးတစ်ဦးနှင့် အခြား ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ အကြမ်းဖျင်းအနေနဲ့ ဆိုရင်တော့ လုံးခင်းနယ်ဘက်နဲ့ ကာမိုင်းနယ်ဘက်၊ မရှီကထောင်ရပ်ကွက်က ဥရုရတနာကျောက် စိမ်းတောင် တံတားရယ်။ နောက်ပြီး ဆိတ်မူက နတ်မော်မှာတစ်ခု ဖြစ်တယ်။ ဒု-ရဲမှူးတစ်ယောက် ဒဏ်ရာရသွားပါတယ်။ ပြီးရင် ကာမိုင်း လုံးခင်းဘက်မှာ ဖြစ်တာက တပ်က ဗိုလ်ကြီးတစ်ယောက် ဒဏ်ရာ ရသွားပါတယ်။ အခြားတစ်ဦး ဒဏ်ရာရပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဒဏ်ရာရသူများ၏ အခြေအနေကို စကခ (၇)ကို အသေးစိတ် မေးမြန်းနိုင်ကြောင်း နှင့် ဒဏ်ရာရသူများသည် ဖားကန့်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ၎င်းက ပြောသည်။

ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု-ဥက္ကဋ္ဌ ဦးတင်စိုးကမူ “မနေ့က ည ၈ နာရီ ၁၁ မိနစ်မှာ ဗုံးတစ်လုံး ပေါက်ကွဲတယ်။ အဲဒီ ပေါက်ကွဲတဲ့ဗုံးက လုံးခင်းရဲ့အရှေ့ဘက် ပေ ၃၀၀ လောက်အကွာမှာ ဖြစ်တယ်။ ထိခိုက်တာ မရှိပါဘူး။။ နောက်တစ်လုံးက ၈ နာရီ ၅၈ မိနစ်မှာ လုံးခင်း အုပ်စုကနေ ၃ မိုင်လောက်ဝေးတဲ့ နေရာမှာ ဖြစ်တယ်။ လက်ပစ်ဗုံးဖြစ်ဖို့ များတယ်။ တဆက်တည်းပဲ နောက်ပိုင်း ကျွန်တော်တို့ သတင်းရရှိတာက ဖားကန့် ဥရုချောင်းတံတားမှာ ရှိတဲ့ ရဲကင်းကို ဗုံးပစ်သွင်းတယ်။ အဲဒီ့မှာ ရဲနှစ်ယောက် ဒဏ်ရာရတယ်။ ဆိတ်မူအုပ်စုမှာလည်း ပေါက်ကွဲမှုလေးတွေ ရှိတယ်လို့ ကြားသိရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ယခုကဲ့သို့ ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေသဖြင့် ထိပ်လန့်မှုများ မရှိတော့ဟု ဖားကန့်မြို့ခံများက ပြောသည်။ လက်ရှိ အနေအထားအရ အစိုးရ စစ်တပ်နှင့် KIA အကြား လုံးခင်းမှ အလှမ်းဝေးသည့် တောဘက်တွင်သာ တိုက်ပွဲ ဖြစ်ပွားသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

ဖားကန့်-မိုးကောင်း ကားလမ်းပေါ်ရှိ ဇွတ်အောင်ယန်နှင့် နဂါးညီနောင်ဆိုသော နေရာများတွင် ဇွန်လ ၁၇ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲသတင်း မကြားသေးဟုဆိုသည်။

ဖားကန့်မြို့နယ်ရဲစခန်း တာဝန်ရှိသူ တစ်ဦးကလည်း ယခုရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေသော်လည်း ဇွန် ၁၈ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဟု ပြောသည်။

ဇွန်လ ၁၅ ရက် အစိုးရ စစ်တပ်က KIA ၏ တပ်မဟာ ၂ လက်အောက် တပ်ရင်း ၆ တပ်စခန်း ရှိရာသို့ အင်အား ၃၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags