လွှတ်တော်ကို မထိခိုက်စေနှင့်ဟု ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ခေါ်ပြော

လွှတ်တော်ကို မထိခိုက်စေနှင့်ဟု ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ခေါ်ပြော

လွှတ်တော်ကို မထိခိုက်စေနှင့်ဟု ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ခေါ်ပြော

 

ရန်ကုန် (မဇ္ဈိမ) ။ ။ လွှတ်တော်ကို ထိခိုက်စေသည့်အသုံးအနှုန်းများမပြောရန် ဇွန်လ ၁၂ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော်အစ ည်းအဝေးအပြီး လွှတ်တော်ဥက္ကဌက ခေါ်ယူပြောဆိုခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ ဗဟန်းမြို့နယ်မှ ရန်ကုန်တိုင်းအမတ် ဦးမြင့်ကြည်က မဇ္ဈိမကို ပြောသည်။

"မပြောစေချင်တာတွေမပြောဖို့ ဆုံးမတာရှိပါတယ်။ အစည်းအဝေးပြီးတော့ ခေါ်ပြီးပြောပါတယ်ခင်ဗျ။ တစ်ချို့ဟာတွေ လွှတ်တော်ကိုထိခိုက်မယ့်ဟာတွေ မပြောပါနဲ့ပေါ့။ လွှတ်တော်အစည်းအဝေးပြီးတော့ ကျွန်တော့ကို သူ့အခန်းထဲခေါ်ပြီး ပြောတာပါ" ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အမတ်လည်းဖြစ်သူ ဦးမြင့်ကြည်က ပြောသည်။

အဆိုတစ်ခုကို လွှတ်တော်တွင် ထောက်ခံဆွေးနွေးစဉ် အာဏာရပါတီ၏ အလိုအတိုင်းသာဖြစ်နေပါက သမိုင်းမလှသည့်လွှတ်တော်ဖြစ်လိမ့်မည်ဟု ဦးမြင့်ကြည်၏ ဆွေးနွေးမှုအပေါ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း က အထက်ပါအတိုင်း ခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အစည်းအဝေးအတွင်း ဦးမြင့်ကြည်၏ ဆွေးနွေးမှုအပေါ်ကိုလည်း ဦးစိန်တင်ဝင်းက "မဆိုင်တာတွေကို ခင်ဗျား မဆွေးနွေးဖို့ သတိပေးတယ်" ဟု ဟန့်တားခဲ့သေးသည်။

"ကျွန်တော်ပြောတာလည်း ရိုင်းရိုင်းစိုင်းစိုင်းရင့်ရင့်သီးသီးတွေ မပါဘူးလေ။ ကျွန်တော်ပြောတဲ့က အမှန်တရားတွေကိုပဲ ပြောတာပါ။ ဒီကိစ္စတွေက ကျွန်တော်မပြောလည်း အားလုံးသိပြီးသားကိစ္စပဲလေ" ဟု ၎င်း၏ ဆွေးနွေးချက်အပေါ် ဦးမြင့်ကြည်က ရှင်းပြသည်။

ရန်ကုန်တိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ခုံးကျော်တံတားစီမံကိန်းများအပါအဝင် စီမံကိန်းအချို့၏ အရည်အသွေးနှင့် အကျိုးသက်ရောက်မှုများကို ဆန်းစစ်ရန် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပေးရန် ရန်ကုန်အစိုးရသို့ တိုက်တွန်းကြောင်း အတိုက်အခံအမတ် ဒေါက်တာညိုညိုသင်း၏အဆိုကို ဦးမြင့်ကြည်က ထောက်ခံဆွေးနွေးခဲ့သည်။

ဦးမြင့်ကြည်၏ ဆွေးနွေးမှုအတွင်း "အာဏာရပါတီရဲ့သဘောအတိုင်းသာ လုပ်နေရင် လွှတ်တော်ရဲ့သမိုင်း မလှမပဖြစ်ပါ လိမ့်မယ်ခင်ဗျာ" "အာဏာရပါတီရဲ့သဘောအတိုင်းသာ လွှတ်တော်မှာဖြစ်နေရင် ၂၀၁၆မှာ ပေါ်ပေါက်လာမယ့် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အတွက် ကျွန်တော်အလွန်စိုးရိမ်ပါတယ်ခင်ဗျာ" စသည့်အသုံးအနှုန်းများအား ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသုံးအနှုန်းများကို အဘယ့်ကြောင့်ထည့်သွင်းပြောဆိုခဲ့သည်ကိုမူ ဦးမြင့်ကြည်က "ကျွန်တော်တို့ အတိုက်အခံတွေက အင်အားကနည်းတော့ မဲခွဲရင် ရှုံးရှုံးနေတယ်လေ" ဟု ပြောသည်။

ဦးမြင့်ကြည်ဆွေးနွေးခဲ့သည့်အဆိုမှာလည်း အဆိုရှင်ဒေါက်တာညိုညိုသင်းနှင့် ဦးမြင့်ကြည်တို့နှစ်ဦးကလွဲပြီး အမတ်အားလုံးကန့်ကွက်ခဲ့သည့်အတွက် အဆိုရှုံးနိမ့်သွားသည်။

ရန်ကုန်တိုင်းလွှတ်တော်တွင် လွှတ်တော်အမတ်ဦးရေ ၁၂၃ဦးရှိပြီး အာဏာရပါတီအမတ် ၇၇ဦး၊ တပ်မတော်သားအမတ် ၃၁ဦး၊ တ.စ.ညပါတီအမတ် ၈ဦးနှင့် အခြားပါတီများမှ ၇ဦးတို့ အသီးသီး နေရာယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly