မောင်တောမြို့ပေါ် ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွားရာ တရားခံ မမိသေး

မောင်တောမြို့ပေါ် ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွားရာ တရားခံ မမိသေး

ရန်ကုန်၊ ဇွန် ၁၀ ။    ။ မောင်တောမြို့အနောက်ရပ်ကွက်တွင်း ဇွန် ၇ ရက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခဲ့သူကို ဖမ်းဆီးနိုင်ရန် ရှာဖွေနေဆဲဖြစ်သည်ဟု မောင်တောမြို့မရဲစခန်းမှ ရဲအုပ် ဝင်းဌေးဦးက မဇ္ဈိမကို ဇွန် ၁၀ ရက်က ပြောသည်။

အမည်မသိ လူသုံးဦးက မောင်တောမြို့ အစွန်ရှိ ဖေစီရပ်ကွက်တွင်း ဝင်ရောက်လာကာ အိမ်နှစ်အိမ်ကို ဆက်၍ ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျည်ဆံထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး မောင်တော မြို့ ဆေးရုံတွင် ကုသမှုခံယူ လျက်ရှိသည်ဟု ဆိုသည်။

"ဒဏ်ရာ ရတဲ့သူတွေက သတိမရသေးလို့ ဘာမှ မေးလို့ မရဘူး။ ဘယ်သူ ဘယ်ဝါ ဆိုတာ လည်း မသိသေးဘူး၊ တွေ့ရှိချက်တွေ အရတော့ အကြမ်းဖျင်း မှတ်ယူထားတာတော့ လက်လုပ် သေနတ်နဲ့ ပစ်တာလို့ ယူဆထားတယ်" ဟု ရဲအုပ်ဝင်းဌေးဦးက ဆိုသည်။

မောင်တော မြို့နယ်တွင် လွန်ခဲ့သော ၂၀၁၄ အောက်တိုဘာလ အတွင်းက စခန်းမှူး တစ်ဦး ကို ရဲဝန်ထမ်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စခန်းမှူး တစ်ဦးသေဆုံးခဲ့သည်။ ထို့အတူ အောက်တို ဘာလ အတွင်းက ဘူးသီးတောင်မြို့နယ်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့သေးသည်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်၍ မောင်တောမြို့နယ် နယ်ခြား စောင့်တပ်မှ အမည်မဖော်လိုသူ ရဲဝန်ထမ်းတစ်ဦးက “ဘယ်အချိန် ဘာထဖြစ်မလဲ ဆိုတာ မသိဘူး။ ရဲ ဖြစ်ပေမယ့် တစ်ယောက်တည်းဆိုရင် ဟိုဟိုဒီဒီ မသွားရဲဘူး" ဟု ဆိုသည်။

၂၀၁၄ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ အစိုးရ ဝန်ထမ်းများကို လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုကြောင့် သွားလာမှုများ ဆင်ခြင်ကြရန် ပြည်နယ် အစိုးရ သက်ဆိုင်ရာ ဦးစီးဌာနများက စာထုတ်ခဲ့သေးသည်။

ရခိုင်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် နယ်စပ် လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်၊ စစ်တပ်နှင့် ရဲတပ်ရင်းတို့ဖြင့် လုံခြုံရေး ယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly