မြန်မာနိုင်ငံတွင်းက အိန္ဒိယ သူပုန်စခန်းများကို အိန္ဒိယတပ် ဝင်တိုက်

မြန်မာနိုင်ငံတွင်းက အိန္ဒိယ သူပုန်စခန်းများကို အိန္ဒိယတပ် ဝင်တိုက်
ပြီးခဲ့သည့်လက အိန္ဒိယတပ်သားများ သူပုန်များ၏ ခြံုခိုတိုက်ခိုက်ခံရစဉ် မြင်ကွင်း။ ဓာတ်ပုံ-အေအက်ဖ်ပီ

နယူးဒေလီ၊ ဇွန် ၁၀ ။      ။ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် စစ်တပ်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ၍ စစ်သား အနည်းဆုံး၂၀ သေဆုံးပြီး ရက်အနည်းငယ်တွင် မြန်မာနိုင်ငံတွင်းမှ သူပုန် စခန်းများကို အိန္ဒိယစစ်တပ်က ဝင်ရောက်တိုက်ခိုက် လိုက်ကြောင်း ဝန်ကြီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ သူပုန်စခန်းနှစ်ခုကို တပ်ဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ပြီး အောင်မြင်ဘေးကင်းစွာ ပြန်လာနိုင်ခဲ့ကြောင်း ဝန်ကြီး ရတ်ဂ်ယာဝါဒန်ဆင်းချ်ရတ်သောရီက ပြောသည်။ ယခုစစ်ဆင် မှုက အိန္ဒိယသူပုန်များကိုအထိနာစေကြောင်း အကြီးတန်းတပ်မတော်အရာရှိ ရန်ဘီယားဆင်းချ်က ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က ခြုံခိုတိုက်ခိုက်ခံရမှုသည် မြန်မာနယ်စပ် မဏိပူပြည် နယ်တွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခြုံခိုတိုက်ခိုက်ပြီးနောက် ပုန်းကွယ်သွားသည့် သူပုန်များကို အိန္ဒိယစစ်တပ်က တပ်သားအင်အား ရာကျော်နှင့် ရဟတ်ယာဉ်များဖြင့် ခြေရာခံလိုက်ရာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သွား ခဲ့ခြင်းကို ခြေရာကောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မဏိပူရှိ အာဏာပိုင်များမှာ သောင်းကျန်းသူအဖွဲ့များ၏ တိုက်ခိုက်သောင်းကျန်းခြင်းများကို ရင်ဆိုင်နေရသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။

မြန်မာနယ်စပ်တစ်လျှောက်တွင် စစ်ဆင်ရေးကို အိန္ဒိယစစ်သားများက ဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယတပ်မတော်က ပြောပြီး အင်္ဂါနေ့ စစ်ဆင်ရေးတွင် တပ်ဖွဲ့ဝင်များက မြန်မာပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်ကာ သူပုန်များကို တိုက်ခိုက်စစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ရတ်သောရီက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly