ဒဂုံစီးတီးအိမ်ရာ စီမံကိန်းကို ရန်ကုန်တိုင်း အစိုးရ ဆိုင်းငံ့ပေးရန် မဖြစ်နိုင်ဟု ဆို

ဒဂုံစီးတီးအိမ်ရာ စီမံကိန်းကို ရန်ကုန်တိုင်း အစိုးရ ဆိုင်းငံ့ပေးရန် မဖြစ်နိုင်ဟု ဆို
တိရိစ္ဆာန် ဥယျဉ်လမ်းနှင့် ဦးထောင်ဘို့ အဝိုင်းအနားရှိ ရွှေတိဂုံဘုရားမြင်ကွင်းကို အခြေပြုပြီး တည်ဆောက်မည့် ဒဂုံစီးတီး (၁) (Dagon City 1 ) အရောင်းပြခန်းအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၉။         ။ ရွှေတိဂုံစေတီ အနီးတွင် အကောင်အထည် ဖော်နေသည့် ဒဂုံစီးတီး အဆင့်မြင့်အိမ်ရာ စီမံကိန်းသည် တပ်မတော်ပိုင်မြေပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သောကြောင့် စီမံကိန်းကို ဆိုင်းငံ့ပေးရန် မဖြစ်နိုင်ဟု ရန်ကုန်တိုင်း အစိုးရ အဖွဲ့၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ဇွန် ၉ရက်တွင် ပြုလုပ်သည့် တိုင်းလွှတ်တော် အစည်းအဝေး တွင်ပြောဆိုလိုက် သည်။  

“အဆင့်မြင့် အိမ်ရာစီမံကိန်း(Dagon City Project) အကောင်အထည်ဖော်တဲ့ မြေနေရာဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက် ဆိုင်တဲ့မြေနေရာ ဖြစ်ပါတယ်။ စီမံကိန်း မြေနေရာဟာ ပြည်ထောင်စု အုပ်ချုပ်မှု အာဏာသက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အာဏာသက်ရောက်မှု မရှိကြောင်း တင်ပြလိုပါတယ်” ဟု ဝန်ကြီး ဦးသန်းမြင့်က ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာနက ပိုင်ဆိုင်သည့် မြေပေါ်တွင် အကောင်အထည်ဖော်နေသည့် ဒဂုံစီးတီးအိမ်ရာ စီမံကိန်းသည် ပြည်သူ များ၏အကျိုးစီးပွားကို ထိခိုက်စေသည်ဟုဆိုကာ တိုင်းအစိုးရက စီမံကိန်းကို ဆိုင်းငံ့ပေးရန် လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်း၏ အရေးဆိုမှုအပေါ် ဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တိုင်းအစိုးရကလည်း ဒဂုံစီးတီး အဆင့်မြင့်အိမ်ရာ စီမံကိန်းနှင့် တစ်စုံတစ်ရာပါဝင်ပတ်သက် ခြင်း မရှိဟုလည်း ဝန်ကြီးကပြော သည်။

အဆိုပါ စီမံကိန်းကြောင့် ရွှေတိဂုံစေတီ၏ မြင်ကွင်း ကွယ်ပျောက်သွားနိုင်ခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်လာနိုင်ခြင်း ၊ စေတီတော် တည်ရှိရာ သိင်္ဂုတ္တရကုန်းတော် ရေရှည်ခိုင်မြဲမှုကို ထိခိုက် နိုင်ခြင်းများရှိသည်ဟု ပညာရှင်များ က ထောက်ပြနေခြင်းကြောင့် တိုင်းအစိုးရက စီမံကိန်းကို ဆိုင်းငံ့ ပေးရန် တစ်သီးပုဂ္ဂလ အမတ် ဒေါက်တာ ညိုညိုသင်းက အရေးဆိုခဲ့ခြင်း ဖြစ်သည်။

“ ပြန်လည်သုံးသပ်ဖို့ ဆိုင်းငံ့ပေးပါ။ တာဝန်ယူမှု၊ တာဝန်ခံမှု တစ်စုံတစ်ရာကို အစိုးရဘက်က မလုပ်ပေးနိုင်ဘူးဆိုရင် အပြီးသတ် ရပ်ဆိုင်းပေးဖို့ ဒီအဆိုကို တင်ရခြင်း ဖြစ်ပါတယ်” ဟု အဆိုရှင် ဒေါက်တာ ညိုညိုသင်းက လွှတ်တော်တွင် ပြောသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ခွင့်ပြု ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် မရှိသောကြောင့်ဟု ဆိုကာ ဒေါက်တာ ညိုညိုသင်း၏ အရေးဆို မှုကို ဝန်ကြီးက ကန့်ကွက်ခဲ့သည်။

ထို့သို့ ကန့်ကွက်ခဲ့သည့်အတွက် အဆိုကို မဲခွဲဆုံးဖြတ်ရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်အမတ် သုံးဦးကသာ အဆိုကို ထောက်ခံသည့်အတွက် ဒေါက်တာညိုညိုသင်း၏ အဆိုရံှုးနိမ့်သွားသည်။

ရန်ကုန်တိုင်း အစိုးရ၏ ကန့်ကွက်မှုကို အဆိုရှင် ဒေါက်တာ ညိုညိုသင်းက “တပ်မတော်ပိုင် မြေမို့လို့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ မလုပ်ဘူးဆိုရင် ရန်ကုန်တိုင်းမှာရှိတဲ့ ပြည်သူလူထုက ဘယ်သူ့ကို အဖေ ခေါ်ရမလဲ။ ကိုယ်လုပ်ချင်တဲ့ ကိစ္စကိုပဲ လုပ်မယ်။ ကိုယ်တာဝန်မယူနိုင်တဲ့ ကိစ္စကို မလုပ်ဘူးဆိုလို့ရှိရင် အစိုးရကောင်း တစ်ရပ်မဟုတ်ဘူး” ဟု လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။

ဒဂုံစီးတီး အဆင့်မြင့်အိမ်ရာ စီမံကိန်းကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် Marga Landmark ကုမ္ပဏီနှင့် သုခရတနာ ကုမ္ပဏီတို့က ပြီးခဲ့သည့် နှစ်က စတင် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး လေးနှစ် မှ ခြောက်နှစ်အတွင်း အပြီးသတ် တည်ဆောက်ရန် လျာထားသည်။

ကန်ဒေါ်လာ ၃၇၅ သန်းခန့် ရင်းနှီးမြှုပ်နှံမှုဖြင့် Dagon City 1 နှင့် Dagon City 2 အမည်ရှိ ဟိုတယ်၊ လူနေအိမ်နှင့် ဈေးဝယ် စင်တာများ ပါဝင်သော အိမ်ရာစီမံကိန်း နှစ်ခုကို အထက်ပါ ကုမ္ပဏီများက အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

လက်ရှိတွင်မူ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရွှေတိဂုံစေတီတော်နှင့် နီးကပ်သည့် ယင်းစီမံကိန်းကို ပြန်လည်ဆန်း စစ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခေတ္တရပ်ဆိုင်း ထားသည်။

စီမံကိန်းကို ပြန်လည်ဆန်းစစ်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး စစ်ဆေးရေးအဖွဲ့က ဒဂုံစီးတီးနှင့် ပတ်သက်သော မဟာဗျူဟာ စီမံကိန်းတစ်ရပ်ကို ရေးဆွဲကာ ယခုလကုန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အား တင်ပြရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly