ရန်ကုန်တိုင်းတွင် ကျပ်ဘီလီယံ ရှစ်ထောင်ကျော်ကုန်ကျမည့် မြို့သစ် ခုနစ်ခုတည်ဆောက်ရန် တိုင်းအစိုးရ ခွင့်ပြုချက်တောင်း

ရန်ကုန်တိုင်းတွင် ကျပ်ဘီလီယံ ရှစ်ထောင်ကျော်ကုန်ကျမည့် မြို့သစ် ခုနစ်ခုတည်ဆောက်ရန် တိုင်းအစိုးရ ခွင့်ပြုချက်တောင်း
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် နှင့် တွံ့တေးမြို့နယ်အကြား ရန်ကုန်မြို့သစ်စီမံကိန်း ပြုလုပ်ရန် လျာထားထားသည့် နေရာတစ်ခုကို တွေ့ရစဉ်။ (ဘိုဘို၊မဇ္ဈိမ)
 

ရန်ကုန် (မဇ္ဈိမ) ။ ။ မြေဧကပေါင်း တစ်သိန်းကျော်ပေါ်တွင် ကျပ်ငွေဘီလီယံပေါင်း ရှစ်ထောင်ကျော် ကုန်ကျမည့် မြို့သစ်(၇)ခု တည်ဆောက်ခွင့်ပြုရန် ရန်ကုန်အစိုးရအဖွဲ့၏ ကိုယ်စား ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တိုင်းလွှတ်တော်၏ ခွင့်ပြုချက်ကို တောင်းခံလိုက်သည်။  

အကောင်အထည်ဖော်ရန် တိုင်းလွှတ်တော်သို့ ခွင့်ပြုချက်တောင်းခံလိုက်သည့် မြို့သစ်(၇)ခုမှာ ရန်ကုန်အရှေ့ပိုင်းမြို့သစ်၊ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီမြို့သစ်နှင့် လှည်းကူးမြို့သစ်တို့ဖြစ်သည်။  

ရန်ကုန်မြို့တွင် ကြုံတွေ့နေရသော အိုးမဲ့အိမ်မဲ့ပြဿနာ၊ ကျူးကျော်ပြဿနာ၊ ယဉ်ကြောကြပ်တည်းမှုပြဿနာနှင့် လူဦးရေသိပ်သည်းမှု မြင့်မားခြင်းပြဿနာတို့ကို ဖြေရှင်းရန် အထက်ပါ မြို့သစ်စီမံကိန်းများသည် "ဦးစားပေးအကောင်အထည်ဖော်သင့်သည့် စီမံကိန်းလုပ်ငန်းရပ်များ" ဟု မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်သို့ ရှင်းပြသည်။  

ရန်ကုန်တိုင်းအစိုးရနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲထားသည့် "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ အစီရင်ခံစာ" ကို ဇွန်လ ၁၀ရက်တွင် ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် မြို့တော်ဝန်က တင်ပြစဉ် အဆိုပါ မြို့သစ်စီမံကိန်းများအား အကောင်အထည်ဖော်ရန် လွှတ်တော်၏ ခွင့်ပြုချက်ကို တောင်းခံလိုက်ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာအပေါ် ဇွန်လ ၁၉ရက်တွင် ဆွေးနွေးရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်လိုက်ပြီး လွှတ်တော်အမတ်များအနေဖြင့် ဆွေးနွေးလိုသည့် အကြောင်းအရာများကို ဇွန်လ ၁၅ရက်တွင် နောက်ဆုံးထားကာ လွှတ်တော်သို့တင်ပြရန် လွှတ်တော်ဥက္ကဋ္ဌက အသိပေးထားသည်။

အစီရင်ခံစာအပေါ် ဇွန်လ ၁၉ရက်တွင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ကန့်ကွက်မည့် လွှတ်တော် အမတ်ဦးရေနည်းပါက အထက်ဖော်ပြပါ မြို့သစ်စီမံကိန်းများ အကောင်အထည် ပေါ်လာမည့် အနေအထား ဖြစ်သည်။

တိုင်းလွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဒေါက်တာညိုညိုသင်းကမူ မြို့သစ်စီမံကိန်းများ အကောင်အထည်ဖော်ရန် ကုန်ကျမည့်ငွေကြေးကို စနစ်တကျ စိစစ်ရန်လိုအပ်ပြီး အစိုးရအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသင့်သည်ဟု လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။

"ကုန်ကျမယ့် ဒီပိုက်ဆံ ဘယ်ကလာတာလဲဆိုတာ ထိန်းကျောင်းဖို့ ယန္တယားတစ်ရပ် အင်မတန် အရေးကြီးပါတယ်" ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်တောင်းထားသည့် မြို့သစ်စီမံကိန်းတစ်ခုချင်းစီ၏ ကုန်ကျစရိတ်၊ အကျယ်အဝန်းများကိုလည်း မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်သို့ ရှင်းပြခဲ့သေးသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

 

ရန်ကုန်အရှေ့ပိုင်းမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၁၇၃၇၅ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ဘီလီယံပေါင်း ၄၉၁ဒဿမ၂၃ ကုန်ကျမည်ဖြစ်သည်။

ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၂၁၇၁၆ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ဘီလီယံပေါင်း ၃၀၇၀ ဒဿမ ၆ ကုန်ကျမည်ဖြစ်သည်။

ထူးခြားချက်အနေဖြင့် အဆိုပါမြို့သစ်မှာ ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ထောက်ပြဝေဖန်မှု များကြောင့် ရပ်ဆိုင်းလိုက်ရသည့် ရန်ကုန်မြို့သစ်စီမံကိန်း၏ ဧရိယာအတွင်း ပါရှိသည်။ စီမံကိန်းနယ်နိမိတ်မှာ အရှေ့ဘက်တွင် ရန်ကုန်မြို့၏ အနောက်ဘက်ကမ်း၊ ပန်းလှိုင်မြစ်ဆုံရာမှ ရန်ကုန်မြစ်အတွင်း တွံတေးတူးမြောင်းဆုံရာအထိ၊ တောင်ဘက်တွင် ခနောင်တိုချောင်းနှင့် တွံတေးတူးမြောင်းအတိုင်း တူးမြောင်းကူးတံတားအထိ၊ အနောက်ဘက်တွင် လှိုင်သာယာ တွံတေးတူးမြောင်းအတိုင်း ပန်းလှိုင်မြစ်ကူးတံတားအထိ၊ မြောက်ဘက်တွင် ပန်းလှိုင်မြစ်တောင်ဘက်ခြမ်းအတိုင်း ရန်ကုန်မြစ်ဆုံရာအထိ ဖြစ်သည်။

သန်လျင်မြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၂၁၁၉၃ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ဘီလီယံပေါင်း ၉၂၆ ဒဿမ ၅၂ ကုန်ကျမည်ဖြစ်သည်။
 

ဒလမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၁၅၁၇၃ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ဘီလီယံပေါင်း ၁၈၆၈ ဒဿမ ၇၇ ကုန်ကျမည်ဖြစ်သည်။

ထန်းတပင်မြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၂၄၇၄၈ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ဘီလီယံပေါင်း ၁၂၆၂ ဒဿမ ၈၇ ကုန်ကျမည်ဖြစ်သည်။
 

မှော်ဘီမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၁၁၅၉၄ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ဘီလီယံပေါင်း ၂၇၁ ဒဿမ ၉၇ ကုန်ကျမည်ဖြစ်သည်။

လှည်းကူးမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၆၉၃၃ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ဘီလီယံပေါင်း ၂၈၅ ဒဿမ ၅၅ ကုန်ကျမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly