အစိုးရနှင့် ဆွေးနွေးမည့် ၁၅ ဦးပါ အဖွဲ့ကို လော်ခီးလာ ညီလာခံ ရ ရက်မြောက်နေ့တွင် ဖွဲ့စည်း

အစိုးရနှင့် ဆွေးနွေးမည့် ၁၅ ဦးပါ အဖွဲ့ကို လော်ခီးလာ ညီလာခံ ရ ရက်မြောက်နေ့တွင် ဖွဲ့စည်း
လော်ခီးလာဒေသတွင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ အစည်းအဝေး ဇွန်လ ၈ရက်နေ့ (ဓာတ်ပုံ- ဟောင်ဆာ (ရာမည))
 

ချင်းမိုင် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည့် ၁၅ ဦးပါဝင်သော “ဆွေးနွေးညှိနှိုင်းရေးအဖွဲ့” ကို လော်ခီးလာ ညီလာခံ ၇ ရက်မြောက်နေ့တွင် ထပ်မံဖွဲ့စည်းလိုက်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယင်း ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ် KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဆောင်ရွက်ကာ KIO မှ ဒေါက်တာလဂျာက ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒုတိယခေါင်းဆောင်(၂)အဖြစ် CNF မှ ဦးဇင်ကျုံးက ဆောင်ရွက်ကာ လက်နက်ကိုင်တိုင်းရင်းသား လူမျိုးပေါင်းစုံမှ ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ NCCT ညှိလာတဲ့ NCA မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ချက်နဲ့အတူ အတည်ပြုတယ်။ ဒါက ကျွန်တော်တို့ အစည်းအဝေး ဆုံးဖြတ်ချက် ပြင်ဆင်ပြီးတော့ ဖြည့်စွက်တဲ့ အချက်တွေကို ဆက်လက် ညှိဖို့အတွက် အဲဒီဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့တာဖြစ်ပါတယ်” ဟု ပဒိုကွယ်ထူးဝင်းက သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ရှင်းပြသည်။

“ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က အခု ဖြည့်စွက် ပြင်ဆင်တဲ့အချက်တွေကို အစိုးရနဲ့ ဆက်လက် ညှိနှိုင်းဖို့ လိုတယ်။ NCA ကို ပြီးပြတ်တဲ့အထိ ညှိဖို့၊ အခုကျွန်တော်တို့ NCCT က အစိုးရနဲ့ ညှိတဲ့ နေရာမှာ အတည်ပြု မူကြမ်းရလာတယ်။ ဒါပေမဲ့ ထိပ်သီးခေါင်းဆောင်တွေ ဆက်လက် ညှိဖို့လိုတယ် ဆိုတဲ့အပေါ်မှာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့ထားတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။  

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုလည်း ဖျက်သိမ်းခြင်း မရှိဘဲ NCCT အား မည်သည့် လုပ်ပိုင်ခွင့်တာဝန်များ ပေးအပ်မည်ဆိုသည်ကို မနက်ဖြန်တွင် ဆက်လက် ညှိနှိုင်းဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

စောမြရာဇာလင်းကလည်း “အန်စီစီတီက ဆွေးနွေးခွင့် လုပ်ပိုင်ခွင့်တွေ ဆိုလို့ရှိရင် အရင်က စာချုပ်တစ်ခုကို ရတဲ့အထိ ညှိနှိုင်းခဲ့ကြတယ်။ ဒါပေမဲ့ အန်စီစီတီထက် ဗွိုက်စ်(ပြောဆိုခွင့်)ရှိတဲ့ ခွန်အားရှိတဲ့ ဆွေးနွေးရေးအဖွဲ့ တစ်ခုကိုတော့ သင့်တော်ရာ ခေါင်းဆောင်တွေနဲ့ ဖွဲ့လိုက်တာ ဖြစ်တယ်” ဟု ဆက်လက် ရှင်းပြထားသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးရာတွင် သက်သေအဖြစ် ပါဝင်မည့် နိုင်ငံတကာ အဖွဲ့အဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်ရန် လိုအပ် သကဲ့သို့ အသိသက်သေ နိုင်ငံများအဖြစ် နိုင်ငံ ၇ နိုင်ငံပါဝင်ရန် အမေရိကန်၊ တရုတ်၊ နော်ဝေး၊ ဗြိတိန်၊ ဂျပန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများ ပါဝင်ရန်နှင့် နိုင်ငံတော်ဘက်မှ ထိပ်ပိုင်း ခေါင်းဆောင်များ၊ တိုင်းရင်း သားအဖွဲ့ဘက်မှ ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်များ ပါဝင်မှ ခိုင်မာသည့် စာချုပ်ဖြစ်နိုင်မည် ဟု CNF မှ ဦးဇင်ကျုံး က သတင်းထောက်များအား ပြောသည်။  

နုတ်ထွက်မည်ဆိုသော တအာင်း၊ ကိုးကန့်နှင့် ရက္ခိုင့်တပ်များ မပါဝင်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဟု မဟုတ်ကြောင်း ယမန်နေ့ ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် NCCT က ပြောကြားခဲ့သည်။

ယနေ့ ညီလာခံ နောက်ဆုံးနေ့ အဖွင့်မိန့်ခွန်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုမူတူးစေးဖိုးက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြသည့် လုပ်ငန်းစဉ်သည် နှလုံးရည်တိုက်ပွဲပဲ ဖြစ်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည် နိုင်ငံရေး တိုက်ပွဲများတွင် လိုအပ်သည့် ရေသောက်မြစ်များသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိပ်သီးခေါင်းဆောင်များအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပညာ မြှင့်တင်ရေးဆိုင်ရာ အခွင့်အလမ်းများ ဖော်ထုတ်ကြရန် အကြံပြုလိုကြောင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများအားလုံး အလုပ်နှင့် ညီညွတ်မှုတည်ဆောက်ကြရန် တိုက်တွန်းထားသည်။
ဇွန်လ ၂ ရက် စတင်ကျင်းပခဲ့သော ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ဆွေးနွေးခဲ့ရာ ပြင်ဆင်ဖြည့်စွက်ချက်များရှိခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရန် လိုအပ်သဖြင့် ဇွန်လ ၉ ရက်ထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။

ဇွန်လ ၉ ရက်တွင် ညီလာခံ ဦးဆောင်ကော်မတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly