ဟိုင်းကြီးကျွန်း လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နှင့် အနီးဆုံးဖြစ်စေရန် ရခိုင်သို့ပို့ ဟုဆို

ဟိုင်းကြီးကျွန်း လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နှင့် အနီးဆုံးဖြစ်စေရန် ရခိုင်သို့ပို့ ဟုဆို

ရန်ကုန် ၊ဇွန် ၃ ။       ။ ဟိုင်းကြီးကျွန်း ရေတပ်စခန်းတွင် ထိန်းသိမ်းထားသော ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နှင့် အနီးဆုံးဖြစ်အောင် ရခိုင်ပြည်နယ်မောင်တော မြို့နယ်တောင်ပြိုလက်ဝဲ မြို့နယ်ခွဲသို့ ပို့ဆောင် ထား ခြင်းဖြစ်ပြီး ယာယီစစ်ဆေးမှုများ ပြုလုပ်မည် ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၃၇ တွင် ယာယီတဲထိုး ထားရှိမည် ဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးငယ်များကိုမူ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ထားရှိမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်တစ်ဘက်ကမ်းဖြစ်သော တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၏ နယ်ခြားစောင့်တပ် စခန်းတွင် ထားရှိမည်ဖြစ်သည် ဟု ၎င်းက ဆိုသည်။

"ဒါတွေကလည်း စစ်ဆေးစရာတွေ ရှိနေသေးတယ်။ နောက်ပြီးတစ်ခါ ဟိုဘက်ကို လွှဲပြောင်း မယ်ဆို အနီးဆုံးဖြစ်တဲ့နေရာကို ရွှေ့တဲ့ သဘောပါ။ သေချာတာကတော့ ဒီမှာ ဒုက္ခသည်စခန်းလိုမျိုး ကန့်ဖွင့်ပြီးထားမှာ မဟုတ်ပါဘူး" ဟု ဦးမောင်မောင်အုန်းက ပြောသည်။

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်တွင် မေ ၂၁ ရက်က တွေ့ရှိခဲ့သော လှေစီးဒုက္ခသည် များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဟု ကောင်စစ်ဝန်က  အတည်ပြုခဲ့သော်လည်း လွှဲပြောင်း လက်ခံ ခြင်းမရှိသေးပေ။

ဧရာဝတီတိုင်းတွင် တွေ့ရှိခဲ့သော ဒုက္ခသည်များကို ရခိုင်ပြည်နယ်တွင် ယာယီထားရှိရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် မြို့မိမြို့ဖများကို ဇွန် ၂ ရက်က ခေါ်ယူ အသိပေးခဲ့သည်ဟုလည်း ထိုဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ဦးသန်းထွန်းက ပြောသည်။

"ဧရာဝတီတိုင်းမှာ တွေ့တဲ့သူကို ဧရာဝတီတိုင်းမှာ စစ်လို့ရပါတယ်။  မူဆလင်တွေ့တိုင်းကို ရခိုင်ပြည်နယ်ထဲ ပို့မယ်ဆိုရင် ရခိုင်ဒေသက လူထုကလည်း သူတို့ရဲ့ သဘောဆန္ဒကို တုံ့ပြန်မယ့် အခြေအနေတွေ အရိပ်အယောင်တွေ ရှိပါတယ်"ဟု ဦးသန်းထွန်းက ပြောသည်။

ထိုဒုက္ခသည်များကို ရခိုင်ပြည်နယ်တွင် ထားရှိမှုနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် ဦးအေးသာအောင်က "ရခိုင်ပြည်နယ်မှာမိတဲ့ သူတွေကို ရခိုင်မှာ ခေတ္တ ထားတာ သဘာ၀ ကျတယ်။ ဟိုင်းကြီးကျွန်းမှာ မိတဲ့သူတွေကို ရခိုင်ပြည်နယ်မှာ ထားတာတော့ မလုပ်သင့်ဘူး။ ရခိုင်ပြည်နယ်ကို ပုံချနေတာလို့ ထင်ပါတယ်" ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မြန်မာနိုင်ငံက လှေစီးဒုက္ခသည်များနှင့် စပ်လျဉ်း၍ ပြတ်သားသော မူဝါဒ ချမှတ်ရန် အမျိုးသားလွှတ်တော်တွင် တိုက်တွန်းအဆို တင်ထား သည်။

လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ အကျိုးဆက်ဖြစ်သည် ဟူသော ရှုမြင်ပုံဖြင့် မြန်မာနိုင်ငံကို အပြစ်တင်နေမည့်အစား နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းကူညီ ဖြေရှင်းကြရန် လိုအပ်သည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က  နိုင်ငံခြားသတင်းဌာန တစ်ခုတွင် ဆောင်းပါးရေးသားဖော်ပြထားကြောင်း အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly