ရှမ်းတောင် ပြည်သူ့ ဖိုရမ်တွင် ဖက်ဒရယ်မူနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ပါဝင်မည်

ရှမ်းတောင် ပြည်သူ့ ဖိုရမ်တွင် ဖက်ဒရယ်မူနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ပါဝင်မည်

ရန်ကုန်၊ ဇွန် ၂ ။       ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ပြုလုပ်မည့် ပြည်သူ့ ဖိုရမ်တွင် ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများနှင့် အရပ်ဘက် အဖွဲ့အစည်းများ သေချာစွာ သိရှိနားလည်စေရန် ဆွေးနွေးပွဲ တစ်ခုထည့်သွင်း ဆွေးနွေးသွားမည်ဟု မြန်မာပြည်သူ့ ဖိုရမ် အလုပ်အမှုဆောင် ဦးကျော်လင်းဦးက မဇ္ဈိမကို ပြောသည်။  

ပြည်သူ့ ဖိုရမ်တွင် ဖက်ဒရယ်စနစ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်မှာ ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် လိုအပ်ချက်များကို သိရှိလိုက်နာ ဖော်ဆောင်နိုင်စေရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဦးကျော်လင်းဦးက “ရှမ်းတောင်မှာ ကျင်းပမယ့် ပြည်သူ့ဖိုရမ်မှာ အဓိက က ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခု ထည့်သွင်းပြုလုပ်သွားမှာပါ။ ဦးကျော်ဝင်းတို့လို ဖက်ဒရယ် အကြောင်း နားလည်တဲ့သူတွေကို ဖိတ်ကြားသွားမှာပါ။ အဓိကက ဖက်ဒရယ် စနစ်အကြောင်း အယူအဆတွေကို ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်အောင်ပါ” ဟု ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ပြည်သူ့ဖိုရမ်ကို ဇွန်လ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမည့် တတိယ အကြိမ်မြောက် ပြည်သူ့ဖိုရမ် ဖြစ်သည်။

ပြည်သူ့ဖိုရမ်ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ  ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများမှ လူဦးရေ ၂၀၀ ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ခေါင်းစဉ်ကြီး လေးခုအောက်တွင် ခေါင်းစဉ်ခွဲများဖြင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ပြည်သူ့ဖိုရမ် ကျင်းပရသည့် ရည်ရွယ်ချက်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး နိုင်သည့် ရပ်ဝန်းတစ်ခု ပေါ်ပေါက်လာရန်၊ ဒေသအာဏာပိုင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကြား ဖိုရမ်သည် ပေါင်းကူးတစ်ခုဖြစ်စေရန်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကြံပြုချက်များကို ရယူ၍ဒေသ အာဏာပိုင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် တို့ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပြည်သူ့ဖိုရမ်များ ကျင်းပပြီးဖြစ်ကာ မြန်မာ ပြည်သူ့ဖိုရမ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရန် လျာထားသည်။ မြန်မာ ပြည်သူ့ဖိုရမ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ကျင်းပထားသည့် ပြည်သူ့ဖိုရမ်များမှ ရရှိလာသည့် ဆွေးနွေးတင်ပြချက်များကို စုစည်း၍ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အတွင်းက ကရင် ၊ ကယား နှင့် မွန်ပြည်နယ်တို့တွင် ပြည်သူ့ ဖိုရမ်များ ကျင်းပခဲ့ပြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly