မွန်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာအချို့တွင် ကလေးအများစု ကျောင်းထွက်ခြင်း မှာ အသက်အန္တရာယ်လုံခြံုမှု အာမခံချက် မရှိခြင်း အချက်တစ်ချက် ပါဝင်ဟု ဆို

မွန်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာအချို့တွင် ကလေးအများစု ကျောင်းထွက်ခြင်း မှာ အသက်အန္တရာယ်လုံခြံုမှု အာမခံချက် မရှိခြင်း အချက်တစ်ချက် ပါဝင်ဟု ဆို

ရန်ကုန်၊ ဇွန် ၂ ။      ။ မွန် တိုင်းရင်းသားများစုနေထိုင်ရာ ကျေးရွာအချို့တွင် ကလေးငယ်များ ကျောင်းထွက်ရခြင်းသည် စာသင်ကျောင်းနှင့် အလှမ်းဝေးသည့်အတွက် ကလေးငယ်များ အတွက် အသက်အန္တရာယ် လုံခြုံမှု အာမခံချက် မရှိခြင်းသည် တစ်ချက် အပါအဝင် ဖြစ်သည်ဟု  မွန်ပြည်နယ် လူ့အခွင့်အရေးဖောင်ဒေးရှင်း လက်အောက်တွင် ရှိသော အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ်မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် မိထောချမ်းက မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ်ရှိ ရေးမြို့နယ်၊ ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်းရှိ ရေဖြူမြို့နယ် စသည်တို့တွင် မွန်လူမျိုးအများစုနေထိုင်ရာ ကျေးရွာပေါင်း ၁၇ ရွာမှ ရွာသူ၊ သား ၁၄၆ ဦးကို မွန်ပြည်လူ့ အခွင့်အရေး ဖောင်ဒေးရှင်းမှ ကွင်းဆင်းလေ့လာခဲ့ရာတွင် တနင်္သာရီတိုင်းရှိ ရေဖြူမြို့နယ်မှ မူလတန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရခြင်း သည်ကျောင်းသား မိဘများ စိတ်မချရခြင်း အကြောင်းအရာ တစ်ခုဖြစ်ခဲ့သည်ကို တွေ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

“အစ်မတို့ လေ့လာခဲ့တဲ့ ရွာတွေမှာက တစ်ရွာမှာ မူလတန်းရှိတယ်ဆို၊ နောက်တစ်ရွာမှာ မူလတန်း မရှိဘူး။ အထက်တန်းနဲ့ အလယ်တန်းပဲ ရှိတယ်။ အဲဒီတော့ တစ်ရွာက ကလေးတွေက နောက်ရွာမှာ သွားတက် ရတယ်။ အရမ်းဝေးတဲ့ အခါကျတော့ ကလေးတွေအတွက် အန္တရာယ်က စိတ်မချရတော့ဘူး။ လွန်ခဲ့တဲ့နှစ်က မူလတန်း ကျောင်းသူလေးတစ်ဦး အဓမ္မပြုကျင့် ခံရတယ်။ လုံခြုံမှု မရှိဘူးလို့ မိဘတွေက ပြောပြခဲ့ပါတယ်။ လမ်းကလည်း မကောင်းဘူးလေ” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်ရှိ ကလေးငယ်များသည်  အများပြည်သူသုံး ခရီးသွားပို့ဆောင်ရေးစနစ် မရှိခြင်း၊ မိုးရာသီတွင် ရေကြီးခြင်း၊ ကျောင်းသွားလမ်းတစ်လျှောက် လုံခြုံမှု မရှိခြင်း၊ နေထိုင်ရာ ကျေးရွာနှင့် စာသင်ကျောင်း ဝေးကွာမှုကြောင့် ကျောင်းအိပ် ကျောင်းစားနေရခြင်း၊ စီးပွားရေး အခြေအနေကြောင့် အိမ်အလုပ် လုပ်ကိုင်ရခြင်း စသည်တို့ကြောင့် ကျောင်းထွက်ခဲ့ရခြင်းများ ဖြစ်သည်ဟုလည်း ယင်းစစ်တမ်းအရ သိရသည်။

ထို့ပြင် စာသင်ကျောင်းတွင် စာရေးကိရိယာများ၊ ပုံနှိပ်စာအုပ်များနှင့် အခြားသော သင်ထောက်ကူ ပစ္စည်းများ မရှိခြင်းတို့အပြင် ဆရာ၊ ဆရာမ အရေအတွက် မလုံလောက်ခြင်း၊ အခြားသော အကြောင်းကိစ္စ ကြောင့် ဆရာ၊ ဆရာမများက စာသင်ကြားခြင်း မပြုလုပ်နိုင်ခြင်း၊ အပြောင်းအရွေ့ မြင့်မားခြင်း၊ သင်ကြားရေး အတွေ့အကြုံ နုနယ်ခြင်း၊ တတ်မြောက်မှု အဆင့် မမီခြင်းစသည့် လိုအပ်ချက်များကြောင့်လည်း ပါဝင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly