လယ်သမားများကို ချေးငွေထုတ်ပေးရန် လယ်ဆည်ဝန်ကြီးဌာန ချေးငွေကျပ် ၄၀၀ ဘီလီယံ ချေးယူခွင့် လွှတ်တော်တင်သွင်း

လယ်သမားများကို ချေးငွေထုတ်ပေးရန် လယ်ဆည်ဝန်ကြီးဌာန ချေးငွေကျပ် ၄၀၀ ဘီလီယံ ချေးယူခွင့် လွှတ်တော်တင်သွင်း

နေပြည်တော်၊ ဇွန် ၂ ။      ။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးရန် ကျပ် ၄၀၀ ဘီလီယံ လိုအပ်သည့် အတွက် ဗဟိုဘဏ်မှ ချေးယူခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

“တောင်သူများ ဒေသအလိုက် ရာသီအလိုက် လိုအပ်ချက်ကို အချိန်ကိုက် ဆောင်ရွက်ပေးနိုင်ဖို့ အတွက် မြန်မာ့စီးပွားရေးဘဏ်က ခွင့်ပြုမိန့်ရရှိထားတဲ့ ကျပ်ဘီလီယံ ၈၀၀နဲ့ ၂၀၁၅ ခု မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေကို မေ ၂၁ရက်ကစပြီး လယ်ယာဖွံ့ဖြိုးရေးဘဏ်က တစ်ပြိုင်နက် ထုတ်ချေးပေးနေပါတယ်”ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအုန်းသန်းက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စပါးစိုက်ပျိုးသည့် လယ်တစ်ဧကလျှင် ကျပ် တစ်သိန်းနှုန်း ဖြင့် အများဆုံး လယ်ဆယ်ဧကအထိသာ ချေးငွေထုတ်ပေးလျက်ရှိသည်။ အခြားသီးနှံ စိုက်ပျိုး သည့် ယာမြေ များအတွက် တစ်ဧကလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ် ချေးငွေ စုစုပေါင်း ၁,၂၀၀ ဘီလီယံကို တောင်သူများအား ထုတ်ချေးပေးရမည် ဖြစ်သော်လည်း မြန်မာ့ စီးပွားရေးဘဏ်မှ ကျပ် ၈၀၀ ဘီလီယံကို ချေးပေးနိုင်သဖြင့် လိုအပ်ငွေကို ဗဟိုဘဏ်မှ ချေးယူရခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က ပြည်ထောင်စုလွှတ်တော်ကို ပြောကြားသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၂၀၁၅-၁၆ ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေအတွက် ကျပ် ၄၀၀ ဘီလီယံကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူခွင့်ကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးအတည်ပြုပေး ရမည်ဖြစ်သည်။

“ငွေချေးတဲ့အခါမှာ တခြားဝန်ကြီးဌာနတစ်ခုကို ဗဟိုဘဏ်က တိုက်ရိုက်ချေးခွင့်မရဘဲ ပြည်ထောင်စု အစိုးရကိုသာ ချေးလို့ရပါတယ်။ မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေအရ ဗဟိုဘဏ်ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ အစိုးရအဖွဲ့ကို ချေးငွေထုတ်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင် က ရှင်းပြသည်။

အဆိုပါ ငွေချေးယူမှုနှင့်ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးလိုလျှင် ဇွန် ၃ ရက် မွန်းတည့်ချိန်နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly