ဗုဒ္ဓဘာသာဝင် ဇနီးကို နည်းအမျိုးမျိုးဖြင့် ဘာသာပြောင်းစေသူအား ပြစ်ဒဏ်ချရာတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ

ဗုဒ္ဓဘာသာဝင် ဇနီးကို နည်းအမျိုးမျိုးဖြင့် ဘာသာပြောင်းစေသူအား ပြစ်ဒဏ်ချရာတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ

နေပြည်တော်၊ ဇွန် ၂ ။       ။ မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းအတွက် ပြည်သူ့လွှတ်တော် ၏ပြင်ဆင်အတည်ပြုချက် ၄၇ ချက်အပေါ် အမျိုးသား လွှတ်တော်ကပြင်ဆင်ချက်အများစုကို သဘောတူသော်လည်းပြစ်မှုပြစ်ဒဏ် အပိုင်းတွင်သဘောထားကွဲလွဲလျက်ရှိကြောင်း အမျိုးသားလွှတ်တော်ကပြည်သူ့လွှတ်တော် သို့ပြန်လည်ပေး ပို့လာသောပြင်ဆင် ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေ၏ အခန်း(၅) “ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောကျ်ား လိုက်နာရမည့် အချက်များ” မှ ပုဒ်မ ၁၉ (င)တွင် “မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမကို နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို စွန့်လွှတ်စေပြီး မိမိကိုးကွယ်ရာ ဘာသာသို့ဖြစ်စေ၊ အခြားဘာသာ တစ်မျိုးမျိုးသို့ဖြစ်စေ၊ ကူးပြောင်းကိုးကွယ်စေမှု မပြုရ” ဟူသည့် ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်လျှင် “ထိုသူကို ငါးနှစ် ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ် သိန်းနှစ်ဆယ်ထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်” ဟု ပြည်သူ့ လွှတ်တော်က ပြင်ဆင် အတည်ပြုခဲ့သည်။ အမျိုးသားလွှတ်တော်ကမူ ထောင်ဒဏ် ငါးနှစ်နေရာ၌ “နှစ်နှစ်ထက်မပိုသော” ဟူ၍ ကွဲလွဲသော ပြင်ဆင်အတည်ပြုချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ ပုဒ်မ ၁၉(စ) နှင့် (ဆ)ပြဋ္ဌာန်းချက်များကို  ဖောက်ဖျက်သည့် ဘာသာခြား ယောကျ်ားအား “သုံးနှစ်ထက်မ ပိုသောထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ်တစ်ဆယ့် ငါးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်” ဟူသည့် ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်ကို ထောင်ဒဏ်နေရာတွင် အမျိုးသားလွှတ်တော်က သုံးနှစ်အစား “နှစ်နှစ် ထက် မပိုသော” ဟု ပြင်ဆင်အတည် ပြုခဲ့သည်။

ထိုသို့ပြစ်ဒဏ်များကို လျှော့ချရခြင်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက “ဒီ ဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်မှုဟာ ဒုစရိုက်မှု၊ ရာဇဝတ်မှုတွေ မဟုတ်တဲ့ လူမှုရေး ပြဿနာတွေသာ ဖြစ်တဲ့အတွက် အခုလို လျှော့ချရတာပါ” ဟု ဖြေကြားသည်။

အဆိုပါ သဘောကွဲလွဲမှုများ၊ ပြင်ဆင်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ဇွန်လ ၆ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြရန် ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly