ရန်ကုန် စည်ပင်က ပေးအပ်သည့် အသန့်ရှင်းဆုံး မြို့နယ်ဆုအစား အကောင်းဆုံး မြို့နယ်ဆုအဖြစ် ပြောင်းလဲ ပေးမည

ရန်ကုန် စည်ပင်က ပေးအပ်သည့် အသန့်ရှင်းဆုံး မြို့နယ်ဆုအစား အကောင်းဆုံး မြို့နယ်ဆုအဖြစ် ပြောင်းလဲ ပေးမည

ရန်ကုန်၊ မေ ၃၀ ။        ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သုံးလတစ်ကြိမ်ပေးအပ်မည် ဟု သတ်မှတ်ထားသည့် အသန့်ရှင်းဆုံးမြို့နယ်ဆုအစား အကောင်းဆုံးမြို့နယ် ဆုအဖြစ်ပြောင်းလဲ၍ ဆုချီးမြှင့်သွားမည်ဟု ရန်ကုန်စည်ပင်၏  သန့်ရှင်းရေးဌာမှ ဌာနခွဲမှူး ဦးကိုကိုကျော်က ပြောသည်။

၎င်းက “အသန့်ရှင်းဆုံးမြို့နယ်ဆု တုန်းကတော့ သန့်ရှင်ရေးဆိုင်ရာ အချက်တွေပဲ ကြည့်ခဲ့တယ်။ အကောင်းဆုံးမြို့နယ်ဆုအဖြစ် ပြောင်းလဲပေးအပ်ရာမှာ သန့်ရှင်းမှုအပြင် လမ်းဘေး ဈေးသည် ကိစ္စ၊ ရေစီး ရေလာ ဆောင်ရွက်ထားရှိမှု၊ ပန်းခြံနဲ့ ကစားကွင်းတွေ အခြေအနေစတဲ့ အချက်တွေကိုပါ ထည့်သွင်း အကဲခတ်သွားမှာဖြစ်တယ်” ဟု ဆိုသည်။

အကောင်းဆုံးမြို့နယ်ဆုကို ပေးအပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဆုရွေးချယ်ရေး ကော်မတီက အချက်ပေါင်း ၃၀ ကျော် သတ်မှတ်၍ စစ်ဆေးမည်ဖြစ်ပြီးရမှတ် အများဆုံးမြို့နယ်ကို အကောင်းဆုံးမြို့နယ်ဆု ပေးအပ်မည်ဖြစ်သည်။

ဆုရွေးချယ်ရေး ကော်မတီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဌာနမှူးများ၊ ဥက္ကဋ္ဌများ အပါအဝင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၊မြို့နယ် NGO များနှင့် မြို့နယ် အထောက်အကူပြု ဥက္ကဋ္ဌများ ပါဝင်၍ လုပ်ငန်းဆပ်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီဟူ၍ ဖွဲ့စည်းခဲ့သည်။

ခရိုင်တစ်ခုချင်းအလိုက် အကဲဖြတ်အမှတ်များကို လုပ်ငန်းဆပ်ကော်မတီမှ လုပ်ငန်း ကော်မတီသို့ တင်ပြပြီး လုပ်ငန်းကော်မတီမှ တင်ပြသောမြို့နယ်များထဲမှ အမှတ်အများဆုံး မြို့နယ်ကို ဗဟိုကော်မတီက ကွင်းဆင်းစစ်ဆေး၍ အတည်ပြုကာ ဆုပေးအပ်မည်ဖြစ်ရာ ယင်းဆုကို ဇွန်လအတွင်း ပေးအပ်သွားမည်ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် အသန့်ရှင်းဆုံး မြို့နယ်ဆု ပေးအပ်ပွဲ အခမ်းအနားကျင်းပ၍ ပေးအပ်ခဲ့သည်။ ယင်းပွဲတွင် မရမ်းကုန်းမြို့နယ်က အသန့်ရှင်းဆုံး မြို့နယ်ဆု၊ ဒဂုံမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့က သန့်ရှင်းရေး စွမ်းဆောင်ရည် ဂုဏ်ပြုဆုများ ရရှိခဲ့ကြပြီး အသန့်ရှင်းဆုံးမြို့နယ်ဆုအဖြစ် ကျပ် ၂၅ သိန်းနှင့် ဂုဏ်ပြု ဆုတံဆိပ်၊ သန့်ရှင်းရေး စွမ်းဆောင်ရည် ဂုဏ်ပြုဆုအတွက်ကျပ် ငါးသိန်းစီနှင့် ဂုဏ်ပြု ဆုတံဆိပ်များ ပေးအပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly