အဖြူကတ် ကိုင်ဆောင်သူများကို အစိမ်းရောင်ကတ်များ ထုတ်ပေးရေးအတွက် ညွှန်ကြားချက် မထုတ်ပြန်သေး

အဖြူကတ် ကိုင်ဆောင်သူများကို အစိမ်းရောင်ကတ်များ ထုတ်ပေးရေးအတွက် ညွှန်ကြားချက် မထုတ်ပြန်သေး

ရန်ကုန်၊ မေ ၃၀ ။      ။ ယာယီနိုင်ငံသား လက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများကို အစိမ်းရောင်ကတ်များ ထုတ်ပေးရန် ရှိကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သော်လည်း အောက်ခြေ သို့ ညွှန်ကြားချက်များထုတ်ပြန်ထားခြင်း မရှိသေးဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဝှိုက်ကတ်ကိုင်ဆောင်သူ အများစု ရှိနေပြီး ဝှိုက်ကတ် အပ်နှံထားသူများ၏ လေးပုံ သုံးပုံသည် ရခိုင်ပြည်နယ် မှ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"နေပြည်တော်မှာ ကျွန်တော်တို့ အစည်းအဝေးလုပ်တယ်၊ ဝှိုက်ကတ်တွေကို ကတ်ထုတ်ပေး မယ် ဆိုတဲ့ ညွှန်ကြားချက် မလာသေးဘူး။ ပြီးတော့ မအပ်နှံသေးသူတွေအတွက် အပ်နှံရက်ကို သက်တမ်းထပ်တိုးမလားလည်း ဘာမှ မပြောသေးဘူး"ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဝှိုက်ကတ်ကိုင်ဆောင်သူ ခုနစ်သိန်းကျော်ရှိပြီး ပြန်လည်အပ်နှံမှုမှာ လေးသိန်း ကျော် ရှိသည်။ ယင်းအနက် ၃၈၀,၀၀၀ ကျော်မှာ ရခိုင်ပြည်နယ် က အပ်နှံထားခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဝှိုက်ကတ် အပ်နှံရန်ကျန်ရှိသူ သုံးသိန်းနီးပါး ရှိသေးသည်ဟုလည်း ဦးခင်စိုးက ပြောသည်။

မောင်တောမြို့မှ ဝှိုက်ကတ်ကိုင်ဆောင်သူ ဦးလှသိန်းက"အသိအမှတ်ပြု တစ်ခုခုပေးမယ် ၊နိုင်ငံသား ကတ်လိုဟာမျိုးပေးမယ်ဆိုရင် ဘယ်လိုပုံစံနဲ့ပဲပေးပေး ကျွန်တော်တို့လက်ခံမှာပါခင်ဗျ "ဟု ဆိုသည်။ ဝှိုက်ကတ်များကို ဧပြီလဆန်းမှ မေလကုန်ထိ နှစ်လကြာ ပြန်လည် အပ်နှံရန် ထုတ်ပြန် ထားခြင်းဖြစ်ပြီး ထိုကာလတွင် မအပ်နှံပါက ကတ်များသည် တရားမဝင် ဖြစ်မည် ဟု အစိုးရက ကြေညာထားသည်။

ဝှိုက်ကတ်များ အပ်နှံထားစဉ်ကာလအတွင်း ထိုကတ်များကို အပ်နှံထားကြောင်း လက်မှတ်ဖြင့် ခရီးသွားလာနိုင်သည် ဟု ဆိုသည်။ ဝှိုက်ကတ်များသည် ၁၉၉၅ ခုနှစ်က စတင်ထုတ်ပေး ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် မဲပေးခွင့် ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly