မန္တလေးတိုင်းအတွင်း မဲစာရင်းများ စောင့်ကြည့်စစ်ဆေးသွားမည်ဟု အင်န်အယ်လ်ဒီ ဆို

မန္တလေးတိုင်းအတွင်း မဲစာရင်းများ စောင့်ကြည့်စစ်ဆေးသွားမည်ဟု အင်န်အယ်လ်ဒီ ဆို

မန္တလေး၊ မေ ၃၀  ။       ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို  ဇွန်လအတွင်း ထုတ်ပြန်ကြေညာ မည် ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာရင်းများကို  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မဲစိစစ်ရေး အဖွဲ့များက စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ မဲစာရင်း စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဦးတင်ကိုကိုက ပြောသည်။

၎င်းက “လုပ်တာကတော့ ပါတီအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်တာပါ။ ကျွန်တော်တို့က ကျွန်တော်တို့ တိုင်းအတွက် လုပ်မှာပါ။ ရွေးကောက်ပွဲတစ်ခုမှာ လွတ်လပ်ပြီး တရားမျှတဖို့က မဲဆန္ဒရှင် စာရင်းမှန်ကန်မှု မမှန်ကန်မှုပေါ်မှာ မူတည်တယ်။ မဲဆန္ဒရှင်စာရင်း မမှန်ကန်ဘဲ လုပ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲက လွတ်လပ်ပြီးတော့ မျှတမှုရှိတယ်ဆိုတာ မဖြစ်နိုင်တော့ဘူး" ဟု ပြောသည်။

ထိုသို့ မဲစာရင်း စိစစ်ရေးအဖွဲ့ကို  NLD က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းခဲ့ပြီး မတ်လ မှစ၍ ရပ်ကွက်အဆင့်မှ ဗဟိုအဆင့်ထိ ဖွဲ့ထားပြီး ဖြစ်သည်။ ထိုအဖွဲ့က အခြေခံမဲစာရင်း မမှန်ကန်မှုများ မပေါ်ပေါက်စေရန်နှင့် နည်းပါးစေရန် စောင့်ကြည့်စိစစ်သွားမည်ဖြစ်သည်။

၎င်းက “ကျွန်တော်တို့ စိစစ်တွေ့ရှိချက်တွေကို အဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင်တွေကို တင်ပြမယ်။ အဆင့်ဆင့်  NLD မဲစာရင်း စိစစ်ရေးအဖွဲ့တွေကိုလည်း တင်ပြမယ် "ဟုပြော သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံမဲစာရင်းများကို ဇွန်လ ၈ ရက်တွင် မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မြင်းခြံခရိုင်တို့တွင် ကြေညာသွားမည်ဖြစ်ပြီး  ၂၂ ရက်တွင် မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်းသင်းခရိုင်တို့တွင် ကြေညာသွားမည်ဖြစ်သည်။ှ

လက်ရှိတွင် အခြေခံမဲဆန္ဒရှင်စာရင်းကို ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၀ မြို့နယ် ကြေညာထားပြီး၊ ဒုတိယအကြိမ်အဖြစ် မေ ၂၅ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်တို့တွင် ကြေညာထားပြီး နှစ်ပတ်တိတိ စာရင်းကပ်ထားပေးမည် ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကကြေညာထား သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly