အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နေသည့် ကာလဖြစ်၍ ဒီပဲယင်း အရေးတော်ပုံ တရားခံ ဖော်ထုတ်ပေးရေး တိုက်တွန်းမည် မဟုတ်ဟု အင်န်အယ်လ်ဒီ ဆို

အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နေသည့် ကာလဖြစ်၍ ဒီပဲယင်း အရေးတော်ပုံ တရားခံ ဖော်ထုတ်ပေးရေး တိုက်တွန်းမည် မဟုတ်ဟု အင်န်အယ်လ်ဒီ ဆို

ရန်ကုန်၊ မေ ၃၀ ။       ။ လက်ရှိကာလမှာ အမျိုးသားရင်ကြားစေ့ရေးအတွက် ဆောင်ရွက်နေသည့် ကာလဖြစ် သောကြောင့်  ဒီပဲယင်း အရေးတော်ပုံ တရားခံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရှာဖွေဖော်ထုတ်ရန် တိုက်တွန်းမည်မဟုတ်ဟု  NLD ဗဟိုကော်မတီအဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။

ဒီပဲယင်းအရေးတော်ပုံသည် ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မေ ၃၀ ရက်သည် ဒီပဲယင်း ၁၂ နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်သည်။

ဒေါ်နန်းခင်ထွေးမြင့်က “ ပြည်ဖုံးကားချလိုက်တယ်လို့တော့ ပြောလို့မရပါဘူး။ အမှန်တရား ဆိုတာက ဖုံးကွယ်လို့ မရပါဘူး။ တစ်နေ့တော့ ပေါ်ပေါက်မှာပါပဲ။ အခုချိန်မှာ အမျိုးသားရင် ကြားစေ့ရေး ပြုလုပ်နေတာမို့လို့ ဒီပဲယင်းအရေးတော်ပုံက တရားခံတွေကို ရှာဖွေဖော်ထုတ်တာ၊ အစိုးရ အဖွဲ့အစည်းတွေကို တရားခံပေါ်ပေါက် ရေးအတွက် တိုက်တွန်းပြောဆိုတာတွေ မရှိပါဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲကာလ နီးကပ်လာသည့် အချိန်အတွင်း အဓိပ္ပာယ်လွဲမှားစေမည့် စကားများ မပြောဆိုလို ဟုလည်း ၎င်းက ဆိုသည်။ ၂၀၀၃ ခုနှစ် မေလ ၆ ရက်က စတင်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထက်မြန်မာပြည် ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ကချင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ကို သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်ကာလအတွင်း ဖြစ်သည့် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး  ဒီပဲယင်းမြို့အနီး ကျည်ရွာသို့ ရောက်ရှိစဉ် လူတစ်စု၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ပါတီ စည်းရုံးရေးဆင်းနေသည့် ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦးနှင့် ပါတီဝင်များက ခံခဲ့ရခြင်း ဖြစ်သည်။  ဒီပဲယင်းအရေးတော်ပုံအတွင်း လူသေဆုံးမှုနှင့် ဒဏ်ရာရှိသူများ ရှိခဲ့သည့်အပြင် ဖမ်းဆီးထောင်ချခံရမှုများ လည်း ရှိခဲ့သည်။

ဒီပဲယင်း အရေးတော်ပုံ ဖြစ်ပွားခဲ့သည့်အချိန်က ဒေါ်အောင်ဆန်းစုကြည်  စီးနင်းလိုက်ပါသည့် ကားကို မောင်းနှင်သူ ကိုကျော်စိုးလင်းကလည်း “ ပြန်ပြီးတော့ သတိရတယ်။ ဘာကြောင့် လဲဆိုတော့ ဒီကိစ္စကို ကျွန်တော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေ ဒီဟာဖြစ် ပါစေ ဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အမှုမှန်ကိုတော့ ပေါ်ပေါက်စေချင် တယ်”ဟု  ဒီပဲယင်း ကိုးနှစ်ပြည့်က မဇ္ဈိမ၏ အင်တာဗျူးတစ်ခုတွင် ဖြေကြားထားဖူးသည်။

ပါတီစည်းရုံးရေး ဆင်းနေသည့် အဆိုပါ ကာလအတွင်း လိုက်လံနှောင့်ယှက်မည်ဟုသည့် သတင်းကို ကြိုတင် သိရှိခဲ့ရသော်လည်း ဒီပဲယင်းအရေးတော်ပုံ ဖြစ်ပွားသည့်အထိ ကြီးကျယ် လိမ့်မည်ဟု မထင်မိကြောင်းလည်း ကိုကျော်စိုးလင်းက ဆိုထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly