လှေစီးရွှေ့ပြောင်းသူများအား အကူအညီပေးရေးနှင့် ကာကွယ်ရေး ဆောင်ရွက်မည်

လှေစီးရွှေ့ပြောင်းသူများအား အကူအညီပေးရေးနှင့် ကာကွယ်ရေး ဆောင်ရွက်မည်

ရန်ကုန်၊ မေ ၃၀ ။       ။ မြန်မာနိုင်ငံမှ ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းသွားလာသူများအတွက် လူသားချင်းစာနာသည့် အကူအညီများကို နိုင်ငံတကာရွှေ့ပြောင်း နေထိုင်သူများအဖွဲ့ IOM မှတစ်ဆင့် သြစတြေးလျက သြစတြေးလျဒေါ်လာ ၆ သန်းနှင့် အမေရိကန်က ယူအက်စ် ဒေါ်လာ ၃ သန်း ပေးမည်ဟု သိရသည်။

ယင်းအကူအညီများအနက် သြစတြေးလျက သူ၏ ဒေါ်လာ တစ်သန်းကို အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကယ်တင်ခဲ့သူများအတွက်နှင့် ၅ သန်းကို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ် ကော့ဇ်ဘဇားရှိ ဒုက္ခသည်များအတွက် ကူညီမည်ဖြစ်သည်။

ယင်းအစည်းအဝေးသို့ ၁၇ နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မေလ ၂၉ ရက်က ကျင်းပသော ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသူများ အစည်းအဝေး ၌ ကတိပြုကြခြင်းဖြစ်သည်။

လူကုန်ကူးသူများက စွန့်ပစ်ခဲ့ပြီး ငါးဖမ်းလှေများဖြင့် ပင်လယ်ကမ်းခြေများတွင် ရွှေ့ပြောင်းသူ များအား ကယ်ဆယ်ပြီးနောက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး အတွက် တွေ့ဆုံဆွေးနွေးကြရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လေ့လာသူများလည်း တက်ရောက်ခဲ့ကြ သည်။

နိုင်ငံတကာရွှေ့ပြောင်းသူများအဖွဲ့ IOM၊ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ တာဝန်ရှိသူ များကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံ အာဏာပိုင်များက ၎င်းတို့ နိုင်ငံတွင်းရှိ ရွှေ့ပြောင်း ဒုက္ခသည်များ အရေး စိစစ်လေ့လာလာနိုင်ရန် ခွင့်ပြုခဲ့ကြသည်။

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး ထနာဆတ် ပတ်တိမာပရာဂွန်ကလည်း ပြီးခဲ့သည့် ရက်သတ္တပတ်များက ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် လှေစီးရွှေ့ပြောင်းသူ ၆၀၀ ဦး ကို နိုင်ငံတောင်ပိုင်း၌ ယာယီနေရာချထားပေးကြောင်း ပြောဆိုသည်။ ထို့ပြင် လှေစီးရွှေ့ပြောင်းသူများအား ဆေးကုသမှုနှင့် နိုင်ငံသား စိစစ်နိုင်ရေးအတွက် အန်ဒမန်ပင်လယ်အတွင်းသို့ သင်္ဘောနှစ်စင်း စေလွှတ်သွားမည်ဟုလည်း ပြောသည်။

ထို့ပြင် ပင်လယ်တွင်း လမ်းပျောက်မျောပါနေကြသည့် လှေစီးရွှေ့ပြောင်းသူများအား ရှာဖွေမည့် အမေရိကန် လေတပ်လေယဉ်များကို ထိုင်းနိုင်ငံကို အခြေပြု ပျံသန်းခွင့်ပြုမည်ဟုလည်း ထိုင်းဗိုလ်ချုပ်ကြီးက ပြောသည်။ ပင်လယ်တွင်း လမ်းပျောက်မျောပါနေသည့် ရွှေ့ပြောင်းဦးရေ အတိအကျကို မသိရသေးသော်လည်း ထိုင်းဗိုလ်ချုပ်ကြီးကမူ "၇,၀၀၀ ကနေ ၉,၀၀၀ အကြားလည်း ဖြစ်နိုင်တယ်။ ၃,၀၀၀ လောက်ပဲလည်း ဖြစ်နိုင်တယ်" ဟု ဆိုသည်။

ယမန်နေ့က ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လှေစီးရွှေ့ပြောင်းသူများအား လူသားချင်းစာနာမှု အကူအညီများ အလျင်အမြန်ပေးရန်နှင့် လူကုန်ကူးမှု ကွန်ရက်ကြီးကို တိုက်ဖျက်ရန်၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုများကို ကာကွယ်ရန် လိုအပ်ကြောင်း ပြောဆိုမှတ်ချက်ပြုကြသည်။

မြန်မာကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းကမူ မြန်မာ့ရေပိုင်နက်အတွင်း၌ မြန်မာ့ရေတပ်နှင့် လေတပ်တို့က ပုံမှန်ကင်းလှည့်မှုများရှိနေပြီး တရားမဝင်ဖြတ်ကျော်လာသူများကို အကူအညီပေး မှုများလည်းရှိကြောင်း ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags