ရန်ကုန်ဘူတာမှ ပြွန်တန်ဆာထိ အီလက်ထရွန်းနစ် ထိန်းချုပ်စနစ်များ တပ်ဆင်မည်

ရန်ကုန်ဘူတာမှ ပြွန်တန်ဆာထိ အီလက်ထရွန်းနစ် ထိန်းချုပ်စနစ်များ တပ်ဆင်မည်
ရန်ကုန်မြို့ ဘူတာကြီးအတွင်းရှိ ရထားတစ်စင်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း ရန်ကုန်ဘူတာမှ ပြွန်တန်ဆာ ဘူတာထိ ကီလိုမီတာ ၁၄၀ အကွာအဝေးအတွင်း Electronic Interlocking System များကို စတင်တပ်ဆင်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား ရန်ကုန်တိုင်း အင်ဂျင်နီယာမှူး ဦးမြင့်လွင်က မေလ ၂၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

"ဒါက ရထားလမ်းစနစ်တွေ အဆင့်မြှင့်တဲ့ စနစ်တစ်ခုပါပဲ။ ဂျိုက်ကာက လုပ်ပေးမှာ၊ တင်ဒါအောင်တဲ့ မစ်ဆူဘိရှိ နဲ့ ဟီတာချီတို့က တပ်ဆင်မှာ။ မီးရထားနဲ့ ဂျိုက်ကာက ပြီးရင် လိုက်စစ်တာပဲ လုပ်မယ်" ဟု ၎င်းက ပြောသည်။

Electronic Interlocking System သည် ရထားလမ်းပိုင်းအတွင်း လုံခြုံစွာ မောင်းနှင်နိုင်ရန် အချက်ပြ မီးတိုင်များနှင့် ဖြတ်တောက်
စနစ်များကို ထိန်းချုပ်သည့် စနစ်တစ်ခု ဖြစ်သည်။

ရန်ကုန်ဘူတာမှ ပြွန်တန်ဆာ ဘူတာထိ ကီလိုမီတာ ၁၄၀ အကွာအဝေး အတွင်း Electronic Interlocking System အပြင် ရန်ကုန်နှင့် ပုဇွန်တောင် ဘူတာတွင်လည်း ရထားတည်နေရာ စုပေါင်းစီမံခန့်ခွဲနိုင်ရေးအတွက် ရထားစောင့်ကြည့်ထိန်းချုပ်ရေးစနစ်၊ ဘူတာသို့ ချဉ်းကပ်လာသည့် ရထားများကို အလိုလျောက် အသိပေးသည့် ရေပြင်ညီဖြတ်သန်းမှု စနစ်တို့ကို ဂျပန် ယန်းငွေ ၂ ဒသမ ၄ ဘီလီယံ အကုန်အကျခံကာ ဂျိုက်ကာက တပ်ဆင်ပေးခြင်း ဖြစ်သည်။

ရန်ကုန်ဘူတာ၊ ပုဇွန်တောင်နှင့် ရန်ကုန်ဘူတာမှ ပြွန်တန်ဆာဘူတာထိ အလိုအလျောက် စနစ်များ တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် အားလုံးအပြီးအစီး ဆောင်ရွက်မည်ဟု ဦးမြင့်လွင်က ဆိုသည်။

မြန်မာ့မီးရထား(အောက်မြန်မာပြည်) ကလည်း မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းများ ဖြစ်သည့် ရထားလမ်းကြံ့ခိုင်မှု၊ ဘူတာရုံများ အဆင့်မြှင့်တင်ခြင်း၊ ရထားတွဲများ အစားထိုးခြင်း၊ ထပ်တိုးပြေးဆွဲခြင်းများကို ဂျိုက်ကာ၏ ကူပံ့မှုဖြင့် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly