အင်န်အယ်လ်ဒီ နှင့် ၈၈ ငြိမ်းပွင့် နိုင်ငံရေး ပူးတွဲကြေညာစာတမ်း ထုတ်မည်

အင်န်အယ်လ်ဒီ နှင့် ၈၈ ငြိမ်းပွင့် နိုင်ငံရေး ပူးတွဲကြေညာစာတမ်း ထုတ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများအပြင် လက်ရှိနိုင်ငံရေး အခြေအနေများပါဝင်မည့် နိုင်ငံရေးပူးတွဲ ကြေညာစာတမ်းကို မေလ ၂၇ ရက်တွင် ထုတ်ပြန်သွားမည် ဖြစ်သည်ဟု NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မေလ ၂၃ ရက်က ပြုလုပ်သည့် လေးကြိမ်မြောက် အစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ “နိုင်ငံရေးပူးတွဲ ကြေညာစာတမ်း” တစ်စောင် ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “လက်ရှိနိုင်ငံရေး အခြေအနေ၊  ရွေးကောက်ပွဲ အခြေနေတွေကို ဆွေးနွေးခဲ့ကြတာပါ။ ပူးတွဲ ကြေညာစာတမ်းအတွက် ပြင်ဆင်နေတုန်း ဆိုပေမယ့် ဆွေးနွေးထားတဲ့ အကြောင်းအရာတွေ ပါမှာပါ” ဟု ပြောသည်။ ၎င်းတို့၏ ဆွေးနွေးပွဲတွင် ဇွန်လ ၂ ရက် KNU နယ်မြေ လော်ခီးလာဒေသတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ညီလာခံအရေး ထည့်သွင်းဆွေးနွေးခဲ့သော်လည်း နိုင်ငံရေး ပူးတွဲကြေညာစာတမ်းတွင် ပါဝင်မှု ရှိ၊ မရှိကို ကြိုတင်ပြောဆို၍ မရသေးဟု ၎င်းက ဆိုသည်။

NLD နှင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့် တို့၏ စုစည်းမှုမှ  ကြေညာစာတမ်း ထွက်ပေါ်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေကို ပြည်သူလူထု သိအောင် ချပြခြင်းလည်း ဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက “ကြေညာစာတမ်းကို အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကျစ်လျစ်ဆုံးဖြစ်အောင် လုပ်ထားပါတယ်။ ပုံမှန်ဆွေးနွေးမှုတွေလည်း အမြဲရှိခဲ့ပါတယ်။ NLD နဲ့ ၈၈ က နှစ်ပေါင်းများစွာ ဒီမိုကရေစီရရှိ ရေး အတူလက်တွဲပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူတွေပါ” ဟု ပြောသည်။

နိုင်ငံရေး အချိုးအကွေ့များကြား ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကြောင့် ၈၈ နှင့် NLD တို့ ပူးပေါင်းလုပ်ဆောင်ရမည့် ကိစ္စများ ရှိလာသဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာမှာ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ရန် ဆုံဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
၂၀၁၅ ခုနှစ် မတ်လ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့တို့ တွေ့ဆုံ၍ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့သေးသည်။

ယင်းအပြင် ဧပြီလ ၁၉ ရက်၊ ၂၅ ရက်၊ နှင့် မေလ ၁၂ ရက်တို့တွင် NLD ဗဟိုအလုပ်အမှု ဆောင် ကော်မတီနှင့် ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

NLD နှင့် ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) တို့ ပူးတွဲထုတ်ပြန်မည့် နိုင်ငံရေး ကြေညာစာတမ်းကို မေလ ၂၇ ရက် ၌ NLD ရုံးချုပ်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ယင်းကြေညာစာတမ်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly