ရုရှနစ်မြုပ်သင်္ဘောပေါ်ပါ အသက်ရှင်ကျန်ရစ်သူ မြန်မာသင်္ဘောသားများအတွက် လျော်ကြေး သိန်း ၃၀စီ ပေးအပ်

ရုရှနစ်မြုပ်သင်္ဘောပေါ်ပါ အသက်ရှင်ကျန်ရစ်သူ မြန်မာသင်္ဘောသားများအတွက် လျော်ကြေး သိန်း ၃၀စီ ပေးအပ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရုရှား အရှေ့ဖျား ဒေသကမ်းလွန် Okhotsh ပင်လယ်တွင် နစ်မြုပ်ခဲ့သည့် ရုရှငါးဖမ်းသင်္ဘော Dalny Vostok ပေါ်တွင် အလုပ်လုပ်ကိုင်ခဲ့သည့်  မြန်မာ သဘောၤသား ၄၂ဦး အနက် အသက်ရှင်လျက်ပြန်ရောက်သည့် မြန်မာသဘောၤသား ၂၂ ဦးကို နစ်နာကြေး လျှော်ကြေးအဖြစ် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ သုံးထောင် (မြန်မာငွေ ကျပ်သိန်း ၃၀ ဝန်းကျင်)ကို ရုရှကုမ္ပဏီက ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနရုံးချုပ်တွင် မေ ၂၂ရက်က ပေးအပ်ခဲ့ပြီး သေဆုံးသူများအတွက် လျော်ကြေး ကျပ်သိန်း ၁၅၀ခန့်ကို မကြာမီ ပေးအပ်မည်ဟု သိရသည်။

"ဒီနေ့ သဘောၤသားတွေ လက်ခံရရှိကြောင်း သက်သေခံလက်မှတ်လေးတွေ သူတို့တက်တဲ့ သဘောၤကုမ္ပဏီလေးတွေကိုခေါ်ပြီး ပေးအပ်ပွဲလုပ်သွားတာပါ။သေဆုံးသူတွေကို အမေရိကန်ငွေ တစ်သောင်းခွဲ (သိန်း ၁၅၀ကျပ် ဝန်းကျင်) ပေးမယ်လို့ သတင်းရပါတယ်၊ သိပ်မကြာတော့ပါဘူး" ရေးကြောင်းပို့ဆောင်ရေး ဦးစီးဌာနမှ  ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က မဇ္ဈိမကို ပြောသည်။

လျော်ကြေးပေးရန် ကျန်ရှိနေသော သေဆုံးသူ ၁၆ ဦးနှင့် ပျောက်ဆုံးသူလေးဦးကို ရုရှားသဘောၤကုမ္ပဏီက နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ ပေးမည်ဟု ကတိပြုထားကြောင်း ၎င်းက ပြောသည်။

သေဆုံး၊ ပျောက်ဆုံးသူများအတွက် လျော်ကြေးငွေပေးရာ၌ လက်ခံသည့် မိသားစုသည် တရားရုံးတွင် ကျမ်းသစ္စာ ကြိမ်ဆိုရမည်ဖြစ်ကာ လျော်ကြေးပေးအပ်မှုအတွက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာကို ထည့်သွင်းမည်ဖြစ်ပြီး ယင်းနောက်တွင် လျော်ကြေးပေးအပ်ပွဲ ပြုလုပ်မည်ဖြစ်သည်ဟု ဆိုသည်။

Sea rider ကုမ္ပဏီမှ စေလွှတ်ခဲ့သည့် သဘောၤသားကို နိုင်နိုင်က "ကျွန်တော်တို့ကို ဗုဒ္ဓဟူးနေ့က သဘောၤသားရုံးက ဆက်သွယ်တယ်။ ကုမ္ပဏီဘက်ကတော့ ဒီလ ၁၂ရက်နေ့က သဘောၤပေါ်မှာ အလုပ်လုပ်ခဲ့တဲ့ လုပ်အားခတွေကို ပေးတယ်၊ ကျွန်တော်တို့ ကျေနပ်ပါတယ်။ ခုလျှော်ကြေး ရုရှားဘက်က သိန်း ၃၀ ဝန်းကျင်လောက်ရပါတယ်"ဟု ၎င်းကပြောသည်။

ရုရှနိုင်ငံမှ သင်္ဘောကုမ္ပဏီက အသက်ရှင်လျက်ပြန်ရောက်လာသူ ၂၂ဦးအတွက် နစ်နာကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆,၀၀၀ကို မြန်မာသံရုံးသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နစ်မြုပ် ရုရှ ငါးဖမ်းသင်္ဘော Dalny Vostok ပေါ်တွင် Sea Rider ကုမ္ပဏီက မြန်မာသင်္ဘောသား ၂၇ ဦး၊ Top Chance ကုမ္ပဏီက ၂ ဦး၊ Asia Wave ကုမ္ပဏီက ၈ ဦး ၊ Light Oasis ကုမ္ပဏီက ၁ ဦး၊ Star Global ကုမ္ပဏီက ၄ ဦး ပါဝင်သည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲသည် သဘောၤသားများကို ငါးဖမ်းသဘောၤတွင် မြန်မာသဘောၤသားများကို ပို့ဆောင်ခွင့် မပြုထားသောကြောင့် တရားမဝင်စေလွှတ်ခဲ့သည့် အဆိုပါ ကုမ္ပဏီ ၅ခုကို လုပ်ကိုင်ခွင့် ခေတ္တရပ်ဆိုင်းထားသည်။

ရုရှ ငါးဖမ်းသင်္ဘောသည် သတ်မှတ်ထားသည့် ကုန်ထက်ပိုမိုတင်ခဲ့၍ ဧပြီ ၁ ရက်က နစ်မြုပ်ခဲ့သည်။ သင်္ဘောပေါ်တွင် သင်္ဘောသား ၁၃၂ဦး ပါဝင်ရာ နစ်မြုပ်ချိန်တွင် သင်္ဘောသား ၆၃ဦးသာ အသက်ရှင်ခဲ့သည်။ ယင်းအပြင် သေဆုံးခဲ့သည့် သင်္ဘောသား ၅၄လောင်းကို ဆယ်ယူနိုင်ခဲ့ပြီး ၁၅ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထိုအထဲတွင် မြန်မာနိုင်ငံသား ၂၂ ဦး အသက်ရှင်ကျန်ရစ်ကာ ၁၆ဦး သေဆုံးပြီး လေးဦးမှာ ပျောက်ဆုံးလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly