အော်ပရေတာများအပြိုင် ဖြစ်လာချိန်တွင် အရည်အသွေး ကောင်းမွန်မှုနှင့် စျေးနှုန်းသက်သာရန်လိုဟု ဆို

အော်ပရေတာများအပြိုင် ဖြစ်လာချိန်တွင် အရည်အသွေး ကောင်းမွန်မှုနှင့် စျေးနှုန်းသက်သာရန်လိုဟု ဆို

ပြည်တွင်း၌ မိုဘိုင်းအော်ပရေတာများ အပြိုင်ဝန်ဆောင်မှု ပေးလာချိန်တွင် မိုဘိုင်းဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီများအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာသည့် ဝန်ဆောင် မှုများပေးရန် လိုအပ်သည်ဟု ပြည်တွင်း မိုဘိုင်းဖုန်း အသုံးပြု သူများနှင့် နည်းပညာ ပညာရှင်များက ဆိုကြသည်။

ဆင်းမ်ကတ်များ အလွယ်တကူဝယ်ယူအသုံးပြုနိုင်ချိန်တွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် သာမက နယ်မြို့များတွင်ပင် အရည်အသွေး ကောင်းမွန်မှုကို ရွေးချယ်အသုံးပြု နေကြပြီ ဖြစ်သည်ဟု ပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့၏ နည်းပညာအရာရှိချုပ် ကိုစိုးသီဟနောင်က ပြောသည်။

၎င်းက “အခုနောက်ပိုင်း နယ်ဘက်တွေသွားရင်း တွေ့လာတာက ဝန်ဆောင်မှုပိုင်း ကောင်းမွန်တာကို ရွေးချယ်အသုံးပြု လာကြပါ တယ်။ အော်ပရေတာတွေအားလုံး ကွန်ရက် လွှမ်းခြုံနိုင်မှု တန်းတူဖြစ်လာရင် ဝန်ဆောင်မှု မကောင်းတဲ့သူက အလိုလို အနောက်ရောက်သွားမှာပဲ” ဟု ဆိုသည်။

ရာဝတီတိုင်းဒေသကြီးအတွင်းမှ ဖုန်းအသုံးပြုသူ တစ်ဦးက “ဈေးနှုန်းသက်သာပြီး အင်တာနက်လိုင်းကောင်းတာပဲ ရွေးသုံးတယ်။ ကိုယ့်ပြည်တွင်းကပေမယ့် ဈေးကြီးနေတော့ အဝင်ပဲ လက်ခံတော့တယ်” ဟု ဆိုသည်။

မိုဘိုင်း ဆက်သွယ်ရေးကဏ္ဍတွင် ပြည်ပမှ ဝင်ရောက် ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီ နှစ်ခုက ပြည်တွင်း၌ ကွန်ရက်ချဲ့ထွင်မှု များ အပြိုင်ပေးနေပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ မြို့ကြီးများ၏ ၅၀ ရာခိုင်နှုန်းကျော်ခန့်ကို ကွန်ရက်ဖြန့်ကျက်နိုင်ခဲ့ပြီး ဖြစ် သည်ဟု ကုမ္ပဏီများက ဆိုသည်။

ပြည်တွင်း၌ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသည့် တယ်လီနောမြန်မာက လူဦးရေ ထူထပ်သည့် နေရာများ၏ ၅၀ ရာခိုင်နှုန်းခန့်ကို ကွန်ရက်လွှမ်းခြုံနိုင်ပြီဟု ထုတ်ပြန်ထားသည်။

အူရီဒူးမြန်မာကလည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို ဝန်ဆောင်မှု ပေးနိုင်ပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်အကုန်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု အူရီ ဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr.Ross Cormack က ပြောထားသည်။

ပြည်ပကုမ္ပဏီများဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့က တစ်မိနစ် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်၊ 3G ကွန်ရက်တွင် အင်တာနက် အသုံး ပြုခ 1MB လျှင် ၆ ကျပ်နှုန်းဖြင့် ကောက်ခံနေသည်။ ပြည်တွင်းမှ ဝန်ဆောင်မှု ပေးနေသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ဆွေသဟာ အစီအစဉ်အတွင်း တစ်မိနစ်ဖုန်းခေါ်ဆိုခ ၃၅ ကျပ်ဖြင့် ကောက်ခံလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly