အော်ပရေတာများ အပြိုင်ဖြစ်လာချိန်တွင် အရည်အသွေးကောင်းမွန်မှုနှင့် စျေးနှုန်းသက်သာ ရန်လိုဟုဆို

အော်ပရေတာများ အပြိုင်ဖြစ်လာချိန်တွင် အရည်အသွေးကောင်းမွန်မှုနှင့် စျေးနှုန်းသက်သာ ရန်လိုဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း၌ မိုဘိုင်းအော်ပရေတာများ အပြိုင်ဝန်ဆောင်မှု ပေးလာချိန်တွင် မိုဘိုင်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး  ဈေးနှုန်းသက်သာသည့် ဝန်ဆောင်မှုများပေးရန် လိုအပ်သည်ဟု ပြည်တွင်း မိုဘိုင်းဖုန်းအသုံးပြုသူများနှင့် နည်းပညာ ပညာရှင်များက ဆိုကြသည်။

ဆင်းမ်ကတ်များ အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ချိန်တွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် သာမက နယ်မြို့များတွင်ပင် အရည်အသွေးကောင်းမွန်မှုကို ရွေးချယ်အသုံးပြုနေကြပြီဖြစ်သည်ဟု ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့၏ နည်းပညာအရာရှိချုပ်ကိုစိုးသီဟနောင်က ပြောသည်။

၎င်းက" အခုနောက်ပိုင်း နယ်ဘက်တွေ သွားရင်းတွေ့လာတာက ဝန်ဆောင်မှုပိုင်း ကောင်းမွန်တာကို
ရွေးချယ်အသုံးပြုလာကြပါတယ်။ အော်ပရေတာတွေ အားလုံး ကွန်ရက်လွှမ်းခြုံနိုင်မှုတန်းတူ ဖြစ်လာရင် ဝန်ဆောင်မှု မကောင်းတဲ့သူက အလိုလို အနောက်ရောက်သွားမှာပဲ" ဟု ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဖုန်းအသုံးပြုသူ တစ်ဦးက "ဈေးနှုန်းသက်သာပြီး အင်တာနက် လိုင်းကောင်း တာပဲရွေးသုံးတယ်။ ကိုယ့်ပြည်တွင်းကပေမယ့် ဈေးကြီးနေတော့ အဝင်ပဲ လက်ခံတော့တယ်" ဟု ဆိုသည်။

မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍတွင် ပြည်ပမှ ဝင်ရောက် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီ နှစ်ခုက ပြည်တွင်း၌ ကွန်ရက်ချဲ့ထွင်မှုများ အပြိုင်ပေးနေပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိမြို့ကြီးများ၏ ၅၀ ရာခိုင်နှုန်းကျော်ခန့်ကို ကွန်ရက်ဖြန့်ကျက်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ကုမ္ပဏီများက ဆိုသည်။

ပြည်တွင်း၌ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသည့် တယ်လီနောမြန်မာက လူဦးရေထူထပ်သည့် နေရာများ၏ ၅၀ ရာခိုင်နှုန်းခန့်ကို ကွန်ရက်လွှမ်းခြုံနိုင်ပြီဟု ထုတ်ပြန်ထားသည်။

အူရီဒူးမြန်မာကလည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို ဝန်ဆောင်မှု ပေးနိုင်ပြီဖြစ်ပြီး ၂၀၁၅ ခုနှစ် အကုန်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု အူရီဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr.Ross Cormack က ပြောထားသည်။

ပြည်ပ ကုမ္ပဏီများဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့က တစ်မိနစ်ဖုန်းခေါ်ဆိုခ ၂၅ ကျပ်၊ 3G ကွန်ရက်တွင် အင်တာနက်အသုံး ပြုခ 1MB လျှင် ၆ ကျပ်နှုန်းဖြင့် ကောက်ခံနေသည်။ ပြည်တွင်းမှ ဝန်ဆောင်မှုပေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဆွေသဟာ အစီအစဉ်အတွင်း တစ်မိနစ် ဖုန်းခေါ်ဆိုခ ၃၅ ကျပ်ဖြင့် ကောက်ခံလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly