အက်ပဲလ်က ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နိုင်မည့် စမတ်နာရီမျိုးဆက်သစ် ထုတ်မည်

အက်ပဲလ်က ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နိုင်မည့် စမတ်နာရီမျိုးဆက်သစ် ထုတ်မည်

ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Apple က ဗီဒီယို ခေါ်ဆိုမှု ပြုလုပ်နိုင်မည့် စမတ်နာရီ မျိုးဆက်သစ်ကို ထုတ်လုပ်မည်ဟု CNET သတင်းဌာနက ဖော်ပြထားသည်။

ယင်းစမတ်နာရီတွင် ဗီဒီယိုရိုက်ကူးနိုင်မည့် ကင်မရာကို တပ်ဆင်ထားမည်ဖြစ်သည်။

Apple စမတ်နာရီမျိုးဆက်သစ်ကို ၂၀၁၆ ခုနှစ်တွင် ထုတ်လုပ်လိမ့်မည်ဟုလည်း သတင်းများက ဖော်ပြထားကြသည်။ Apple ၏ စမတ်နာရီမျိုးဆက်သစ်တွင် iPhoneနှင့် ချိတ်ဆက်အသုံးပြုမှုများကို လျှော့ချပြီး စမတ်နာရီ၌ပင် အသုံးပြုနိုင်သည့် စွမ်းဆောင်ချက် အသစ်များ ထည့်သွင်း ထုတ်လုပ်သွားမည်ဟုလည်း CNET သတင်းက ဆိုသည်။

ယင်းအပြင် ဘက်ထရီ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်အောင် ထုတ်လုပ်သွားမည်ဟု သတင်းများက ဆိုထားသည်။

Apple စမတ်နာရီများသည် ဈေးကွက်အတွင်း၌ ဆမ်ဆောင်း ၊ LG ၊ Motorola စသည့် ကုမ္ပဏီများနှင့်ယှဉ် ပြိုင်ခဲ့ရသည်။ လက်ရှိ အချိန်တွင်Apple ၏ စမတ်နာရီအလုံးရေ ၂ ဒသမ ၈ သန်းရောင်းချခဲ့ပြီးဖြစ်သည်ဟုလည်း CNET သတင်းတွင်ဖော်ပြထားသည်။

Apple စမတ်နာရီကို ဧပြီလအတွင်းက စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၃၄၉ ဒေါ်လာမှ ၁၇၀၀၀ အတွင်း ဗားရှင်းအမျိုးမျိုးသတ်မှတ်ထားသည်။

Apple က ဇွန်လအစောပိုင်း၌ စမတ်နာရီအတွက် OS ဗားရှင်းသစ်ကိုလည်း မိတ်ဆက်ခဲ့သည်။ ယင်း OS ပေါ်တွင် App များကို စမတ်နာရီမှ တိုက်ရိုက်အသုံးပြုနိုင်ရန်အတွက် အထောက်အပံ့ပေးထားသည် ဟုလည်း CNET ကဆိုသည်။

Apple က စမတ်နာရီမျိုးဆက်သစ် ထုတ်လုပ်မည့် သတင်းနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက် မပေးထားပေ။

Apple စမတ်နာရီသည် အခြားစမတ်နာရီများကဲ့သို့ ကန့်သတ်မှုများရှိနေပြီး Apple က မျိုးဆက်သစ်စမတ်နာရီတွင် ဖုန်းနှင့်
ချိတ်ဆက်သုံးရမည့် အချက်များကို လျှော့ချသွားမည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly