မန္တလေးတိုင်းအတွင်း အခြေခံ မဲစာရင်းများ ကပ်ထားသော်လည်း ကြည့်ရှုသူ နည်းပါး

မန္တလေးတိုင်းအတွင်း အခြေခံ မဲစာရင်းများ ကပ်ထားသော်လည်း ကြည့်ရှုသူ နည်းပါး
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်တွင် မဲစာရင်း လာကြည့်သူ တစ်ဦးကို ဇွန် ၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဘိုဘို

မန္တလေး၊ ဇွန် ၉ ။        ။ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် လေးခရိုင်ရှိ အခြေခံ မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင် ရုံးများတွင် ဇွန်လ ၈ ရက်က ကပ်ထားပြီးဖြစ်သော်လည်း ပြည်သူများ မဲစာရင်း လာရောက်ကြည့်မှု နည်းနေသေးကြောင်းမန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

ထို့သို့နည်းခြင်းမှာ ရွေးကောက်ပွဲ အသိပညာပေးရေးအဖွဲ့များက ပြည်သူများအကြား ရွေးကောက်ပွဲ အသိပညာပေးမှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ မဲစာရင်း လာကြည့်တဲ့သူက သိပ်မရှိဘူး။ ကော်မရှင် အနေနဲ့ကတော့ တတ်နိုင်သလောက် မဲစာရင်းကို လာကြည့်ဖို့ မဲစာရင်းမှာ နာမည်မပါဘူး ဆိုရင်လည်း ပြောဖို့ အသိပညာပေးထားတာတော့ရှိတယ်။ နောက်ပြီး မီဒီယာတွေကိုလည်း မဲစာရင်းလာရောက် ကြည့်သင့်တယ် ဆိုတာကို ပြောတယ်။ တကယ်မဲပေးရမယ့် အချိန်ကျမှ မဲစာရင်းမှာ မပါဘူးဆိုရင် ငါတို့လည်း မတတ်နိုင် ဘူး။ ရွေးကောက်ပွဲ အသိပညာပေးအဖွဲ့ တွေကိုလည်း ငါတို့က ဇွတ်လုပ်ခိုင်းလို့ မရဘူး။ သူတို့အလုပ် သူတို့ရှိနေတယ်" ဟု ဦးကျော်ကျော်စိုးက ပြောသည်။

ထို့အပြင် နိုင်ငံရေးပါတီများကလည်း အခြေခံ မဲစာရင်းသွား ရောက်ကြည့်ရှုရန် လှုံ့ဆော်မှု အားနည်းကြောင်းလည်း မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဝေဖန်လိုက်သည်။

“တို့က ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ပဲ ဖြစ်တယ်။ တတ်နိုင်သလောက်တော့ အသိပညာပေးမှု လုပ်ဆောင်တာတော့ ရှိတယ်။ လက်ကမ်းစာစောင် ဝေတာလောက်ပဲ လုပ်ပေးနိုင်မယ်။ တကယ်လုပ် သင့်တာ ပြည်သူ စိတ်ဝင်စားတဲ့ ရုပ်သံတွေ ကနေ ရွေးကောက်ပွဲ အသိပညာပေးသင့်တယ်” ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး ကွန်ရက်က ဦးညီညီကျော် က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲစာရင်း ကြေညာရန် ကျန်ရှိနေသော ခရိုင် သုံးခရိုင်ဖြစ်သည့် ရမည်းသင်းခရိုင်၊ ညောင်ဦး ခရိုင်နှင့် မိတ္ထီလာခရိုင်များတွင် ဇွန်လ ၂၂ ရက်နေ့၌ ကြေညာသွားမည်ဖြစ်ပြီး မဲစာရင်း သွားရောက်ကြည့်ရှုရန်နှင့် မဲစာရင်းတွင် နာမည် မပါပါက ပုံစံ (၃)အရ ဆောင်ရွက်ရန် အသိပညာပေးပိုစတာများလည်း ချိတ်ဆွဲပေးသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly